သိမ်းသလား ၊ မသိမ်းဘူးလား မြို့လားရှိုး

ဒီကနေ့ မနက်ခင်း မွန်းမတည့်မီ ကိုးကန့်တပ်မတော်( MNDAA) ရဲ့ ဇူလိုင် ၂၅ ရက် စစ်ရေးသတင်း ထုတ်ပြန်ချက်ဟာ ဆူနာမီလှိုင်းလို အရာအားလုံးကို ရိုက်ခတ်သိမ်းယူခဲ့ပါတယ်။ အကြောင်းကတော့ ကိုးကန့်တပ်မတော်( MNDAA) က လားရှိုးမြို့မှာရှိနေတဲ့ စစ်အုပ်စုအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းကြောင့်ပါပဲ။

ကိုးကန့်တပ်မတော်(MNDAA) က လားရှိုးမြို့တွင်းစစ်ဆင်ရေး ၂၃ ရက်ကြာ ဆောင်ရွက်ခဲ့ပြီးနောက် ဒီကနေ့ မနက် ၄ နာရီမှာ လုံးဝသိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့ကို လုံးဝလွတ်မြောက်ကြောင်း ကြေညာတယ်လို့ ထုတ်ပြန်လာခဲ့သ လို လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုဟာ သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်တယ်လို့ဆို လာခဲ့တာ ပဲ ဖြစ်ပါတယ်။

ဒီဌာနချုပ်သိမ်းအောင်ပွဲနဲ့ပတ်သက်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (Bamar People’s Liberation Army- BPLA) ရဲ့ ခေါင်းဆောင်ကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် လက်ကျန်နေရာတချို့ကို သိမ်းပိုက်ဖို့နဲ့ ထွက်ပြေးနေတဲ့ စစ်အုပ်စုအဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ ကျန်နေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

အဲဒီနည်းတူ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကလည်း“လားရှိုးမြို့ အရှေ့မြောက် တိုင်းစစ် ဌာနချုပ် (ရမခ) ကို ညီညွတ် စည်းလုံးသော အမိန့်နာခံမှုကောင်းသော တပ်ပေါင်းစုအင်အားဖြင့် သမိုင်း ဝင်တိုက် ခိုက်သိမ်းပိုက် အောင်မြင်ခဲ့ပြီဖြစ်ပါကြောင်း ပြည်သူလူထုသို့ လေးစားစွာအသိပေးတင်ပြအပ်ပါသည်”လို့ ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ စစ်အုပ်စု ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ် ဌာနချုပ် (ရမခ) စ ခန်းကျတာ မဟုတ်ဘူးလို့ မီဒီယာတချို့ကို ချက်ချင်း ပြန်လည်တုံ့ပြန်ငြင်းဆိုခဲ့ပါတယ်။

တကယ်တမ်းတော့ စစ်ရေးအရ အခြေစိုက်စစ်ဌာနချုပ်စခန်းတစ်ခုကို သိမ်းယူနိုင်မှုဟာ တစ်ဖက်စစ်အုပ်စုအတွက် အကြီးမားဆုံးသော ဂုဏ်သိက္ခာအကျအဆုံးဖြစ်သလို လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ဒီအရာကကြီး ကျယ်တဲ့ အောင်ပွဲတစ်ခုလို့ ဆိုရမယ့်အရာလည်းဖြစ်ပါတယ်။

လက်ရှိဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးတစ်စိတ်တစ်ပိုင်းလို့ပဲဆိုဆို မြောက်ပိုင်း ညီနောင် မဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး အဆက်လို့ပဲဆိုဆို စစ်အုပ်စုရဲ့ အကျအဆုံးဟာ သိသိသာသာရှိနေပေမဲ့ တိုင်းစစ်ဌာနချုပ်စခန်း တစ်ခုလုံး ကျဆုံးမှုကတော့ မရှိသေးတာအမှန်ပဲဖြစ်ပါတယ်။

အာရက္ခတပ်တော် (အေအေ)ဟာ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝန်းရံပိတ်ဆို့ထားနိုင်ပေမဲ့ ဌာ နချုပ်စခန်းသိမ်းနိုင်မှုမရှိသေးတာမို့ လက်ရှိလားရှိုးရဲ့ ရှမ်းမြောက်စစ်ဌာနချုပ် ကျဆုံးမှုက စစ်အုပ်စုအတွက် ဘိုင် အိုဂျက်ဆစ်မကယ်နိုင်နဲ့ ခေါင်းတူထုခံရမှုပါပဲ။

လက်တွေ့အရ စစ်ဌာနချုပ်စခန်းတွေဆိုတာ စစ်အုပ်စုရဲ့ အသက်သွေးကြောတွေပါပဲ ။ တပြည်လုံးအနှံ့ စစ်ဌာချုပ် စခန်း ၁၃ ခုရှိပြီး အဲဒီစစ်ဌာနချုပ်တွေဟာ စစ်အုပ်စုအသက်ဆက်နိုင်ဖို့ အထောက်အပံ့ပြုထားပေးနေတဲ့ အရာတွေ ပါပဲ။ ဒီလို စစ်ဌာနချုပ်စခန်းတွေမဟုတ်ဘဲ သာမန်စစ်အုပ်စုစခန်းတွေ၊ မြို့တွေ၊ မြို့အခြေစိုက်စစ်စခန်းကြီးတွေကို သိမ်းယူနိုင်ချိန်မှာတောင် စစ်အုပ်စုအဖွဲ့ဝင်‌တွေရဲ့ လက်နက်ချ အညံ့ခံမှုတွေက တစတစ များပြားလာနေခဲ့တာ ဖြစ်ပါတယ်။

အမှန်တကယ်တမ်းသာ အခုလို တိုင်းစစ်ဌာချုပ်စခန်းတွေကို ကျဆုံးခဲ့ပြီဆိုရင် စစ်အုပ်စုရဲ့ လက်နက်ချအညံ့ ခံမှု ဟာ ဆိုဖွယ်မရှိတော့ဘူးလို့ ဆိုရမယ့်သဘောပါပဲ။ ဒါကြောင့်ပဲ ဟန်ကိုယ့်ဖို့ စစ်အုပ်စုဦးဆောင်သူအဝန်းအဝိုင်းရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ချက်ချင်းငြင်းချက်ထုတ် တုံ့ပြန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိမှာ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ် ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်မတော်( MNDAA) က သိမ်းယူနိုင် ခဲ့ပြီလား ၊ ဒါမှမဟုတ် စစ်အုပ်စုပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသလို မကျဘဲရှိ နေတာ လား က မြေပြင်သတင်း အချက်အလက်ရယူနိုင်မှု အခက်အခဲအရ တိကျတဲ့အဖြေ ၊ ယတိပြတ်သတင်း ရာခိုင်နှုန်း ပြည့် တင်ဆက်ဖို့ ခက်ခဲနေတာတော့ အမှန်ပါပဲ။

ဒါပေမဲ့ စစ်အုပ်စုအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ကိုးကန့်တပ်မတော်(MNDAA) ရဲ့ အလံတော်လွင့်ဝဲ စိုက်ထူနေမှု ရုပ်သံတစ်ခုကတော့ဖြင့် စစ်အုပ်စုဟာ ပြုမြဲဖြစ်တဲ့ မုသားတွေနဲ့သာအမြဲလိမ်ညာတတ်တဲ့အကြောင်း ကို ထပ်မံသက်သေထူနေဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *