လားရှိုးမြို့တွင် MNDAA စစ်ကြောင်းများ ကင်းလှည့်နေပြီး ထိတွေ့မှုများ ဆက်လက်ဖြစ်ပွား

လားရှိုးမြို့တွင် MNDAA စစ်ကြောင်းများ ကင်းလှည့်နေပြီး ထိတွေ့မှုများ ဆက်လက်ဖြစ်ပွားနေပြီး စစ်သားနှင့်ရဲအလောင်းများ ပြန့်ကျဲနေ (ရုပ်/သံ)

MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီးပြီဟု ကြေညာထားသော လားရှိုးမြို့အတွင်းတွင် ကိုးကန့်တပ်မှ စစ်ကြောင်းများက ကင်းလှည့်နေပြီး မြို့တွင်း တချို့နေရာများတွင် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားမှုများရှိကြောင်း MNDAA ၏ ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လ ၂၅ ရက်နေ့တွင် MNDAA က လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရရှိပြီဟု ကြေညာပြီးနောက် ဆုတ်ခွာသွားသော စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားခဲ့ကြောင်း၊ လားရှိုးမြို့တွင်းတွင် MNDAA တပ်များက နေရာယူထားပြီး ကင်းလှည့်မှုများလည်း လုပ်ဆောင်နေကြောင်း၊ အနီးကပ် ပစ်ခတ်သော တိုက်ပွဲများ၊ ထိတွေ့မှုများလည်း ဖြစ်ပွားနေကြောင်း ၊ တိုက်ပွဲများအတွင်း သေဆုံးသွားသော ရဲနှင့် စစ်သားအလောင်းများ လမ်းမများပေါ်တွင် ရှိနေကြောင်း၊ MNDAA ရှေ့တန်းသတင်းရင်းမြစ်ကဆိုသည်။

“လားရှိုးမြို့ထဲ ကျနော်တို့စစ်ကြောင်းတွေ ဆေးရုံကြီးဘက် ဘဏ်ဘက်တွေ ရောက်နေပြီ။ စကစ အောက်ခြေစစ်သားတွေကို သတင်းပါးချင်တာကတော့ ထွက်ပြေးရင်လည်း ထွက်ပြေးပါ။ မထွက်ပြေးရင်လည်း အလံဖြူထောင်ပြီး လက်နက်ချပါ။ လိုင်းပေါ်က ဘောမတွေ စကားကိုယုံပြီး အသိတရားမရှိတဲ့ လူပြိန်းတွေလို တစ်ယောက်ချင်း အသေခံဖို့ စောင့်မနေနဲ့တော့လို့ပြောချင်ပါတယ်။ မပြေးဘူး၊ အလံဖြူမထောင်ရင်တော့ ပြောချင်တာက မင်းတို့ သေမှာပဲ။ သူတို့ကိုသိစေချင်တာ ဘယ်ပြည်သူကမှ မအလ‌ကို မထောက်ခံတော့ဘူး။ ပြည်သူရှိတဲ့ဘက်မျက်နှာမူပါ။ မအလအကျိုးစီးပွားအတွက် သူတို့အသက်မပေးနဲ့တော့။ ကျနော်တို့လည်း စနစ်ဆိုးကိုတိုက်နေတာ။ စကစ အောက်ခြေစစ်သားတွေလည်း မြန်မာပြည်သားပဲ။ နိုင်ငံသားချင်း မတိုက်ချင်ဘူး” ဟု MNDAA ၏ ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

MNDAA တပ်များက လားရှိုးမြို့နယ်အတွင်း နယ်မြေရှင်းလင်း စစ်ဆင်ရေးများကို အဓိကထား ဆောင်ရွက်နေကြောင်း၊ များမကြာမီ သက်ဆိုင်ရာ သတင်းထုတ်ပြန်မှုများ ဆက်တိုက် ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း MNDAA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *