စစ်ကောင်စီက မိုးဗြဲရေကာတာ ရေလွှတ်လို့ ရေကြီးရေလျှံနေ

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်ရဲ့ ရေကာတာ ရေလွတ်တံခါးကို ဇူလိုင်လ ၂၄ ရက်ဝန်းကျင် ကစပြီး စစ်ကောင်စီရဲ့ ခမရ (၄၂၂) တပ်က လွှတ်ချလိုက်တာကြောင့် ၂၄ နာရီအတွင်း ဘီလူးချောင်းရေ ၈ ပေအထိ မြင့်တက်လာခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရေကာတာတံခါး ၃ ပေါက်လုံးကို ရေလွှတ်ချလိုက်တာကြောင့် မိုးဗြဲမြို့မှာ ရေကြီးမှုတွေဖြစ်ပေါ်နေပြီး ရေဘေးသင့်ပြည်သူတွေကို Mobye PDF Rescue Team-MPRT က အရေးပေါ်ပြောင်းရွှေ့ကူညီမှုတွေကို လုပ်ဆောင်ပေးနေရတာဖြစ်ပါတယ်။

“အရင်နှစ်တွေက မိုးဗြဲရေကာတာကနေ ရေလွှတ်တာနောက်ကျလေ့ရှိပေမယ့် ဒီနှစ်ကတော့ သူတို့က မိုးရွာတာနဲ့အချိန်ကိုက် လွှတ်လိုက်တာ။ လွှတ်တာကလည်း ၅ ပေစီ ခွဲလွှတ်နေတာ။ လွှတ်တဲ့အချိန်လည်း ပိုစောတယ်။ မိုးလည်းများတယ်ဆိုတော့ အဲ့ဒါတွေနဲ့ ပေါင်းပြီး မြှုပ်ကုန်တာ” လို့ ရေကာတာအနီးတဝိုက် နေထိုင်သူတစ်ဦးက ပြောပါတယ်။

လတ်တလော ရေအဆမတန် မြင့်တက်လာမှုကြောင့် လယ်ယာအများစု ရေလွှမ်းနေပြီး ‌ဆည်အောက်ဘက်မှာရှိတဲ့ မိုးဗြဲမြို့ရပ်ကွက်တချို့နဲ့ လယ်ယာတွေမှာ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူထောင်ချီဟာ ရေဘေးလွတ်ရာနေရာကို အရေးပေါ်ထပ်မံပြောင်းရွှေ့နေရတာပဲ ဖြစ်ပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့ကစပြီး လာမယ့် ၃ ရက်အတွင်း ရေအဆမတန်မြင့်တက်လာနိုင်တာကြောင့် လွိုင်ကော်မြို့နဲ့ အနီးတဝိုက် ဘီလူးချောင်းရဲ့ ဘေးဝဲယာတလျှောက် အနိမ့်ပိုင်းမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ သတိပြုကြဖို့ကိုလည်း IEC က အသိပေးပါတယ်။

မိုးဗြဲရေကာတာဝန်ထမ်းတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး အဲဒီရေကာတာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းထားတာပဲ ဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top