စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် တကောင်းနီကယ် စက်ရုံကို တော်လှန်ရေးအင်အားစုများက ဇူလိုင်လကပိုင်းတွင် သိမ်းပိုက်လိုက်ပြီးနောက် စက်ရုံ အနာဂတ်အတွက် NUG နှင့် တရုတ်နိုင်ငံကြား ဆွေးနွေးမှုများ လုပ်နေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။
စီမံကိန်းဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်မှာ လက်နက်ချရန် ဇူလိုင်လ ကုန်ပိုင်းက တော်လှန်ရေးအင်အားစုများထံကမ်းလှမ်းလာခဲ့ပြီး ထွက်ခွာနိုင်ရန် PDF များက လုံခြုံရေး ယူပေးခဲ့သည်။ စစ်တပ်ဆုတ်ခွာပြီးနောက် တော်လှန်ရေးအင်အားစုများက ထိုဒေသတွင် လုံခြုံရေးယူပေးနေသည်ဟု ဆိုသည်။
စီမံကိန်းဧရိယာ ဧက ၃၀၀၀ ကျော် ကျယ်ဝန်းသည့် တကောင်းနီကယ် စီမံကိန်းကို တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ China Nonferrous Metal Mining and Construction နှင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းတို့ ၂၀၀၈ ခုနှစ်ကစတင်ပြီး နှစ် ၂၀ သက်တမ်းဖြင့် စာချုပ်ချုပ်ဆို လုပ်ကိုင်နေခြင်းဖြစ်သည်။
နီကယ်သတ္တုဓါတ်ပမာဏ ပါဝင်မှု တန်ချိန် သန်း ၃၀ ကျော်ရှိပြီး နီကယ်ပါဝင်မှုနှုန်းမှာ ပျမ်းမျှ ၂ ရာခိုင်နှုန်းဖြစ်သည်။
အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော် ရင်းနှီးမြှုပ်နှံထားသည့် ထိုစီမံကိန်းမှ တစ်နှစ်လျှင် ဖီရိုနီကယ် တန်ချိန် ၈၅၀၀၀ ကျော် ထုတ်ယူရန် လျာထားခဲ့သည်။
ဩစတြေးလျအခြေစိုက် Publish What you pay အဖွဲ့၏ ၂၀၂၁ အောက်တိုဘာက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ စစ်တပ်ထံ ဒေါ်လာသန်းနှင့်ချီ ငွေကြေးစီးဝင်နေသည့် သတ္တုတူးဖော်မှုလုပ်ငန်း ၃ ခုအနက် တကောင်းနီကယ်စီမံကိန်းမှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၁ သန်း စီးဝင်ခဲ့သည်။