ရှမ်းပြည်နယ် ဟိုပန်မြို့အား ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ပြီး ၈ လအကြာ ဩဂုတ်လ ၂ ရက်မှစ၍ ဈေးဆိုင်ခန်းများကို အခွန်ကောက်ခံလာသောကြောင့် ဈေးရောင်းချသူများအနေဖြင့် အခက်အခဲဖြစ်နေရကြောင်း ဒေသခံများထံက သိရသည်။
အခွန်ကောက်ခံရာတွင် ဆိုင်ခန်းအကြီးအသေးပေါ်မူတည်၍ ကောက်ခံခြင်းဖြစ်ပြီး ဟိုတယ်မှစ၍ ကုန်စုံဆိုင်အထိ တလလျှင် တကြိမ်ကောက်ယူခြင်းဖြစ်ကြောင်း၊ ဆိုင်ခန်းအပါအဝင် အမှိုက်နှင့် အိမ်အခွန်တို့ကိုလည်း ယွမ်ငွေ ၅၀ထက်မနည်း ပေးနေရကြောင်း သိရသည်။
” ဆိုင်အကြီးအသေးပေါ်မူတည်ပြီးကောက်တာ၊ ဟိုတယ်တွေဆို တရုတ်ငွေ ၆၀၀ ကနေ ၁ထောင်ထိ ကုန်ဆုံဆိုင်တွေဆို ၃၀၀ ကနေ ၅၀၀၊ ဆိုင်အသေးတွေဆို ၅၀ကနေ ၂၀၀ထိပေးရတယ်” ဟု ဟိုပန်မြို့နေ အမျိုးသားတဦးက ဆိုသည်။
လက်ရှိတွင် တရုတ်ငွေစျေး အဆမတန်မြင့်တက်လာပြီး တရုတ်ယွမ် ၁၀၀ကို မြန်မာကျပ်ငွေ ၇သောင်းကျော်ရှိနေရာ အခွန်ကောက်ခံသူများက တရုတ်ယွမ်ငွေသာယူကြောင်း ၎င်းက ဆိုသည်။
ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတဦးက ” အမတို့ အလုပ်က မြန်မာငွေပဲရတာ တရုတ်ငွေမရှိဘူးလို့ပြောရင်လည်း ငွေမပေးမချင်း ဆိုင်ရှေ့မှာ ရပ်စောင့်နေတယ်” ဆိုသည်။
UWSA သည် ဟိုပန်နှင့် ပန်လုံမြို့ကို ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအတွင်း မြောက်ပိုင်းညီနောင်မဟာမိတ်ထံမှ ယခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် လွှဲပြောင်းရယူခဲ့ပြီး ယာယီအစိုးရအဖြစ် ၃၁၈ တပ်မဟာကို ၆ လကြာအုပ်ချုပ်စေခဲ့သည်။
ထို့နောက် ဟိုပန်မြို့အား ပြည်နယ်၏ တရားဝင် ခရိုင်တခုအဖြစ် ဇွန်လ ၁၃ ရက်တွင် ကြေညာခဲ့ပြီးနောက် ဇွန်လ ၂၈ ရက်က “ဝ” ပြည်နယ် ခရိုင်အဆင့် ခေါင်းဆောင် အသီးသီး တင်မြှောက်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။
ပုံစာ- UWSA ထိန်းချုပ်ထားသော ဟိုပန်မြို့/ CJ