ရမခကျပြီးနောက် တစ်လမပြည့်သေးသော တိုင်းမှူးအသစ် အဆက်အသွယ်ဖြတ်ထွက်ပြေး

ကိုးကန့်တပ် MNDAA က လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် တိုင်းမှူးဖြစ်သော ဗိုလ်မှူးချုပ်စိုးလှိုင်သည် ၄င်းစီမံကွပ်ကဲရာ မူဆယ်မြို့မှ အဆက်အသွယ်ဖြတ်ကာ ထွက်ပြေးသွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်များမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်ကို ရာထူးမှ အနားပေးပြီး တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်ကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသစ်အဖြစ် ခန့်အပ်ခဲ့ရာ ၄င်းသည် တိုင်းမှူးအဖြစ် ၁ လပင် တာဝန်မထမ်းဆောင်ရဘဲ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။

ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ။

ဗိုလ်မှူးချုပ်စိုးလှိုင် တိုင်းမှူးသစ်ဖြစ်လာသည့်အချိန်တွင် လားရှိုးမြို့ကိုမသွားပဲ မူဆယ်မြို့တွင် အထိုင်ချပြီး ကွပ်ကဲနေခဲ့ကြောင်း၊ ရမခ ကျသောအခါ အဆက်အသွယ်ဖြတ်ကာ မူဆယ်မှ ထွက်ပြေးသွားကြောင်း ဆိုသည်။

ဗိုလ်မှူးချုပ် စိုးလှိုင်သည် စစ်ခေါင်း‌ဆောင်မင်းအောင်လှိုင်ထံ အနီးကပ်ဆက်ဆံရေးရှိသော လူယုံတစ်ယောက်အဖြစ် ကျော်ကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက လောက်ကိုင်မြို့ရှိစစ်တပ်က လက်နက်ချ အညံ့ခံမှုတွင် အဓိက တာဝန်ရှိသူ အကြီးအကဲခေါင်းဆောင်များဖြစ်သော ဗိုလ်မှူးချုပ်များကို နိုင်ငံတော်ပုန်ကန်မှု၊ အမိန့်မလိုက်နာမှု၊ တာဝန်မကျေပွန်မှုတို့အပါအဝင် တပ်မတော်အက်ဥပဒေပုဒ်မများစွာဖြင့် သေဒဏ်ပြစ်ဒဏ်များကိုလည်းကောင်း၊ မြ၀တီ သင်္ဃန်းညီနောင် ဗျူဟာစခန်း ကျဆုံးမှု၌ တံတား ၂ ကို ထွက်ပြေးရာတွင် ဦးဆောင်ခဲ့သော တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်ကိုလည်း ထောင်ဒဏ်ချ၍လည်းကောင်း စစ်တပ်က အပြစ်ပေးအရေးယူမှုရှိခဲ့သည်။

အမှတ် ၂ ကစထမှူးအသစ် အဖြစ်ခန့်အပ်ခံရသူ ရဲချုပ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်။

ထိုသို့သာဓကများကြောင့် ယခုတိုင်းစစ်ဌာနချုပ်အထိကျအောင် ဦးဆောင်ခဲ့သော ဗိုလ်မှူးချုပ်စိုးလှိုင်လည်း စစ်ခုံရုံး၏ အပြစ်ပေးမှုကိုကြောက်၍ ထွက်ပြေးသွားခြင်းဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း လားရှိုးမြို့ကို စစ်ကူလာသော စစ်ကောင်စီ၏ စကခ ၁၂၊ စကခမှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top