နောက်ဆုံးအချိန်ထိခုခံမည့်သူဟု စစ်ကောင်စီဝါဒဖြန့်ခဲ့သည့် နွယ်ရုံရဲစခန်းမှ ရဲတပ်သားက သေနတ် ၃လက်ဖြင့် မန္တလေး PDFထံ အလင်းဝင်

နောက်ဆုံးအချိန်အထိ ခုခံတိုက်ခိုက်သွားမည့် ရဲတပ်သားဟု စစ်ကောင်စီဝါဒဖြန့်ခဲ့သည့် စဥ့်ကူးမြို့နယ်၊ နွယ်ရုံရဲစခန်းမှ အဆိုပါ ရဲတပ်သားသည် သေနတ်(၃)လက် ယူဆောင်လာပြီး မန္တလေး PDF ထံ အလင်းဝင်လာခဲ့သည်။

စဉ့်ကူးမြို့နယ်၊ နွယ်ရုံရဲစခန်းအား ဇွန်လ ၃၀ ရက်တွင် မန္တလေး PDFက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အဆိုပါ စခန်းမှ ရဲတပ်သား အောင်မိုးသူသည် သေနတ်(၃)လက် ယူဆောင်ပြီး မန္တလေး PDFထံ အလင်းဝင်လာခဲ့သည်။

အဆိုပါ ရဲတပ်သား အောင်မိုးသူသည် စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် PDF များက နွယ်ရုံရဲစခန်းအား ထိုးစစ်ဆင်နေချိန် ကြံ့ကြံ့ခံ ခုခံနေကြောင်း ၎င်းက အထက်အရာရှိထံ သတင်းပို့ခဲ့သည့်ပုံစံ မက် ဆေ့Screen Shortsတွင် အမည်ပါဝင်ခဲ့သူဖြစ်သည်။

“ကျနော်တို့ကို မတအားတက်လုံးနေတယ်။ ကျည်နည်းနေပေမဲ့ နောက်ဆုံးချိန်ထိ ခုခံသွားပါ့မယ် ဆရာ။မြန်မာနိုင်ငံရဲတပ်ဖွဲ့သွေးကို ပြပါ့မယ်။”ဟု ရဲတပ်သား အောင်မိုးသူပုံစံဖြင့် ရေးသားထားသည်။

အဆိုပါ စာအား စစ်ကောင်စီထောက်ခံ တယ်လီဂရန်ချန်နယ်များက ဖြန့်ဝေပြီး အသေခံချမည့် ရဲတပ်သားဟု၍ ဂုဏ်ယူဝမ်းမြောက်စွာ မျှဝေခဲ့ကြသည်။

သို့သော် တယ်လီဂရန်ချန်နယ်များတွင် ပျံ့နှံ့နေသော Screen Shots မှာ သူရေးသားခြင်းမဟုတ်ကြောင်း ရဲတပ်သားအောင်မိုးသူက အလင်းဝင်လာစဉ် ငြင်းဆိုခဲ့သည်။

“အဲလိုမျိုးအဆက်အသွယ်လည်း ကျွန်တော့်မှာမရှိပါဘူး။ ကျွန်တော်လို ခပ်နိမ့်နိမ့်လူတစ်ယောက်ရဲ့စကားကို သူတို့က သတင်းအနေနဲ့ဖတ်ပြီးလည်း တင်မှာမဟုတ်ပါဘူး။ ကျွန်တော်ဆိုရင်လည်း ပညာတတ်တစ်ယောက်ပါ။ ကျွန်တော်တင်ချင်တယ်ဆိုရင်လည်း ကျွန်တော့်နာမည်ကြီးတပ်ပြီး မလုပ်ပါဘူး။ ဘာလို့လဲဆို ကိုယ့်လည်ပင်းကိုလည်း ကြိုးကွင်းမစွပ်ဘူးပေါ့။”ဟု မန္တလေး PDFက ထုတ်ပြန်သည့်ရုပ်သံတွင် ဖြေဆိုထားသည်။

ရဲတပ်သားအောင်မိုးသူသည် အာဏာမသိမ်းခင် နှစ်နှစ်အလို ၂၀၁၉ မတ်လ ၁၉ရက်က ဝက်ထီးကန်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲလေ့ကျင့်ရေးကျောင်း၌ သင်တန်းစတင်တက်ရောက်ခဲ့သည်။

၂၀၁၉ စက်တင်ဘာ ၁၃ရက်တွင် သင်တန်းဆင်းပြီး အမှတ်(၂၅) လုံခြုံရေးရဲတပ်ဖွဲခွဲ၌ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၀ရက်တွင် စဥ့်ကူးမြို့နယ်၊ လက်ပံလှနယ်မြေရဲကင်းစခန်း ရောက်ရှိခဲ့သည်။

နွယ်ရုံရဲစခန်းကို ၂၀၂၁ မိုးအကုန်ဆောင်းအကူးကာလတွင် ရောက်ရှိခဲ့ပြီးနောက် ၂၀၂၄ ဇွန်လကုန်ပိုင်းတွင် PDFများ စခန်းသိမ်းလာတိုက်စဥ် အလင်းဝင်ခဲ့ခြင်းဖြစ်သည်။

၎င်းက နွယ်ရုံရဲစခန်းကျမည်ကိုလည်း ခန့်မှန်းမိသည်ဟု အဆိုပါရဲတပ်သားကဆိုသည်။

“ဘယ်လိုပဲနေနေ စခန်းကျမယ်ဆိုတာ ခန့်မှန်းမိနိုင်တယ်။ ကျွန်တော်ဆုတ်တဲ့အချိန်က စခန်းစတိုက်တဲ့အချိန် ဖြစ်တဲ့အတွက် ကျွန်တော်ဆုတ်တာလည်း သိကောင်းသိနိုင်တယ်။”ဟု ရဲတပ်သားအောင်မိုးသူက ဆိုသည်။

၎င်းထွက်လာခဲ့သည့်အခြေအနေနှင့်ပတ်သက်၍” တိုက်ပွဲဖြစ်တဲ့ရက်မှာ ကျွန်တော်စခန်းထဲမှာရှိပါတယ်။ ကျွန်တော့်နေရာက အစွန်ဆုံးဘန်ကာ ၅ မှာပါ။ စက်သေနက်တစ်လုံးပေးထားတယ်။ ကျွန်တော့်ဘက်ကို တချက်မှ မထိဘူး။ နေ့လယ်ခင်းတစ်ခင်းလုံးလည်း ကျွန်တော့်ဘက်မှာ ကျည်ပေါက်ရာတစ်ချက်မပစ်ကြဘူး။ ကျွန်တော့်ဘက်ကို ထွက်လမ်းအဖြစ်ပေးထားတဲ့အတွက်ကြောင့် အဲဒီကနေထွက်လာခဲ့တာပါ။”ဟု ရဲတပ်သားက ပြောသည်။

“ကျွန်တော်တို့က ရှေ့မှာအင်အားအရမ်းနည်းတယ်။ ရှေ့ဘန်ကာမှာလေးလုံးနဲ့ လူခြောက်ယောက်နဲ့ ဘယ်လိုမှ အင်အားဖြန့်လို့မရတဲ့အတွက်ကြောင့် ဖြန့်ခိုင်းပြီး မကွတ်ကဲခိုင်းဘူး။ လူရိပ်တွေ့ပစ် ဒီလော​က်ပါပဲ။”ဟု ၎င်းက ဆက်ပြောသည်။

ထို့နောက် ၎င်းကိုင်ဆောင်သည့် G3 တစ်လက်၊ ကျည်ကာအပါအဝင် ထပ်မံတွေ့ရှိသည့် MA1 တစ်လက်နှင့် G3 တစ်လက်ပါ တွေ့ရှိ၍ ယူဆောင်ခဲ့ကြောင်း သိရသည်။

စခန်းတွင်လည်း ၎င်းတို့၏ ဖုန်းများအား

Facebook မှလွဲ၍ Viber နှင့် Telegram Codeများအား ပေးထားရကြောင်း၊ Facebook Password ကိုမူ မပေးရသော်လည်း Facebook နှင့် Messenger ကိုမူ တစ်ပတ်တခါ ဝင်ရောက်စစ်ဆေးလေ့ရှိကြောင်း ရဲတပ်သားအောင်မိုးသူက ဆိုသည်။

ဖုန်း Screen Lock Passowrd က ပေးထားရကြောင်း၊ ဖုန်း Gallery ထဲမှ ဓာတ်ပုံများကိုလည်း ဝင်ရောက်စစ်ဆေးပြီး ဖျက်ထားသည့်ပုံများအား Software တစ်ခုသုံး၍ ပြန်ယူလေ့ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ကျန်ရှိနေသော ရဲတပ်ဖွဲ့ဝင်များလည်း မန္တလေး PDFနှင့်ချိတ်ဆက်၍ အမြန်ဆုံးအလင်းဝင်ကြရန် ရဲတပ်သားအောင်မိုးသူက တိုက်တွန်းသည်။

“လူသားချင်းမဆန်တဲ့ နိုင့်ထက်စီးနင်းပြုကျင့်မှုတွေ တခုမှမလုပ်ပါဘူး။ အခုအချိန်အထိ လူသားတစ်ယောက်လိုပဲ ကောင်းကောင်းမွန်မွန်ထားပါတယ်။ အခွင့်အရေးတွေလည်း အများကြီးပေးပါတယ်။”ဟု ၎င်းက ပြောသည်။

စဥ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအား မန္တလေး PDFနှင့် ပူးပေါင်းတပ်များက ဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

Video by MDY PDF

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top