မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာ ရေစက်စခန်းအား ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး ခဲယမ်းနှင့်စစ်အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း Earthquake People`s Defence Force အဖွဲ့က ပြောသည်။
သြဂုတ် ၃ ရက် နံနက် ၆ နာရီဝန်းကျင်က ကိုင်းတောမကျေးရွာရှိ ရေစက်စခန်းအား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ကျန် စစ်အုပ်စုဝင်များ ကျေးရွာအတွင်းရှိ စခန်းသို့ဆုတ်ခွာသွားကြောင်း မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထို့နောက် ကိုင်းတောမစခန်းကိုပါ ဆက်လက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုထိခိုက်မှုများရှိကာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)က အသက်၁၇နှစ်အရွယ်ရဲဘော် မဟောက်နှင့် အညာမြေတပ်ပေါင်းစုမှ အသက်၂၃အရွယ် ရဲဘော် G Shockတို့လည်း ကျဆုံးခဲ့ကြောင်း Earthquake People`s Defence Force အဖွဲ့က ပြောသည်။
“စခန်းကို သိမ်းလိုက်နိုင်ပြီး မီးရှို့ခဲ့တယ်။သူတို့နောက်ဆုတ်ပြီး စခန်းထဲပေါင်းသွားတယ်။ ဒီဘက်မှာ ရေစက်ဝင်တာသိပြီးတော့ စခန်းကိုဝင်လုံးတော့ကျ အသင့်အနေအထားဖြစ်သွားတာ။”မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ကိုင်းတောမရေစက်တွင်းအထိုင်ချစခန်းမှလက်နက်ကြီးခဲယမ်းအချို့အပြင် စစ်အသုံးဆောင်ဆက်စပ်ပစ္စည်းအချို့လည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီက လေကြောင်းပစ်ကူလာ၍ နံနက် ၉ နာရီကျော်တွင် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖအဖွဲ့ရဲဘော်အချို့က ပြောသည်။
ထိုစစ်ဆင်ရေးကို ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် (PDA)၊ပြည်သူ့တော်လှန်ရေးတပ်ဦး ( PRF)၊ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)-(အမှတ် ၈၁၅တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ပခုက္ကူစုဖွဲ့မှု(Young Force.PPDF.Thu Rain.HunterPakokku. Earthquake )၊အညာမြေတပ်ပေါင်းစုနှင့် မြိုင်မြို့နယ်ပ.က.ဖ၊ မြိုင်စုဖွဲ့မှုတပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကိုင်းတောမစခန်းမှ စစ်အုပ်စုသည် ယခင်ကလည်း PDFများ၏ တိုက်ခိုက်မှု အကြိမ်ကြိမ်ခံရပြီး ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်ကလည်း ရိက္ခါရှာထွက်လာသည့် ထိုစစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
(ကိုင်းတောမရေစက်တွင်းအထိုင်ချစခန်းအား သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိသောလက်နက်ကြီးခဲယမ်းနှင့် စစ်အသုံးဆောင်ဆက်စပ်ပစ္စည်းအချို့အားလည်း တွေ့ရစဥ်။ ဓါတ်ပုံ-Earthquake People`s Defence Force)