MNDAA က သိမ်းပိုက်ထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ လက်နက်ချ အလင်းဝင်သူ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစု ၄၀၀၀ ကျော်ပြီ (ရုပ်/သံ)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် MNDAA က သိမ်းပိုက်ထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ လက်နက်ချ အလင်းဝင်သူ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစု ၄၀၀၀ ကျော်သွားပြီး ပစ်ခတ်မှုများ မရှိသလောက် နည်းပါးသွားပြီဖြစ်ကြောင်း MNDAA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုသည်။
ဩဂုတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းမှစတင်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ပင်မကွပ်ကဲရေးဌာနနှင့်ရုံးများကို MNDAA တပ်များက သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တဖြည်းဖြည်း လက်နက်ချလာရာ ယခုနောက်ဆုံးတွင် လက်နက်ချ အလင်းဝင်သူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း MNDAA ရှေ့တန်းသတင်းရင်းမြစ် က ရှင်းပြသည်။
“အခု လက်နက်ချတာနဲ့ အလင်းဝင်တာက ၄၀၀၀ နဲ့ ၅၀၀၀ အကြားမှာရှိနေတယ်။ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်။ သေနတ်တွေ ဖွတ်ထားတာတွေ ရှိ၊ မရှိ အဲဒါတွေကို အဓိက ရှာဖွေ နယ်မြေရှင်းလင်းရေးလုပ်နေပါတယ်။ စစ်သားတွေက လက်နက်ပါတာရှိသလို လက်နက်မပါဘဲ အလံဖြူကိုင် အလင်းဝင်တာတွေလည်းရှိတယ်။ နယ်မြေရှင်းလင်းတွေက ဆက်လုပ်ရဦးမယ်။ ပစ်ခတ်မှုကတော့ မနေ့ကအထိ နည်းနည်းရှိတယ်။ တဖြည်းဖြည်းတော့ နည်းလာပါပြီ” ဟု MNDAA ရှေ့တန်း သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် လားရှိုးမြို့နယ်တစ်ဝန်းတွင် MNDAA တပ်များက လုံခြုံရေးယူထားပေးပြီး ကင်းလှည့်မှုများ လုပ်ဆောင်နေကြောင်း၊ လားရှိုးမြို့မှ ပြည်သူများ ပြန်လည် ဝင်ရောက်လာလိုပါက ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း MNDAA ရှေ့တန်းသတင်းရင်းမြစ်က ရှင်းပြသည်။