ဒရုန်းတားဆီးရေး Drone Guard များက တော်လှန်ရေးတပ်များ၏ ဒရုန်းများကို တားဆီးနိုင်ခြင်းမရှိ

ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်က တရုတ်ကုမ္ပဏီနှင့်ပူးပေါင်း ထုတ်လုပ်တပ်ဆင်ခဲ့သော ဒရုန်းတားဆီးရေး Drone Guard များက တော်လှန်ရေးတပ်များ၏ ဒရုန်းများကို တားဆီးနိုင်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရ

ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်က တရုတ်ကုမ္ပဏီနှင့်ပူးပေါင်းထုတ်လုပ်တပ် ဆင်ခဲ့သော ဒရုန်းတားဆီးရေး Drone Guard များက တော်လှန်ရေးတပ်များ၏ ဒရုန်းများကို တားဆီးနိုင်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်က တရုတ်နိုင်ငံရှိ Drone Guard များ တပ်ဆင် ထုတ်လုပ်သည့် ကုမ္ပဏီနှင့်ပူးပေါင်း၍ ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ ရဲစခန်းများ၊ ထွေ/အုပ်ရုံးများတွင် Drone Guard များ တပ်ဆင်ခဲ့ကြောင်း၊ ယင်းသို့ တပ်ဆင်ရာတွင် ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်က သူကိုယ်တိုင် အာမခံသည်ဟုဆိုကာ ဒရုန်းတင်ဒါများကို သူကိုယ်တိုင် ရယူ၍ တရုတ်ကုမ္ပဏီနှင့်ပူးပေါင်းတပ်ဆင်ခဲ့ကြောင်း၊ သို့ရာတွင် အမှန်တကယ် တော်လှန်ရေးတပ်များက ဒရုန်းများဖြင့် ဗုံးကျဲသော အခါ ဝန်ကြီးဟောင်း စိုးထွဋ် အာမခံ ဝယ်ယူ တပ်ဆင်ခဲ့သော Drone Guard များမှာ တော်လှန်ရေးတပ်များ၏ ဒရုန်းများကို လုံး၀ တားဆီးနိုင်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။

“ပြည်ထဲရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး စိုးထွဋ်က ဒရုန်းတွေကို ၉၀ ရာခိုင်နှုန်း ကာကွယ်တားဆီးနိုင်ပါတယ်ဆိုပြီး တရုတ်ကုမ္ပဏီနဲ့ပေါင်းပြီး ဒရုန်းတွေ ထုတ်လုပ် ဝယ်ယူတပ်ဆင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်အတွင်းမှာ တပ်ဆင်ခဲ့တာပါ။ ဒါပေမယ့် အဲဒီ Drone Guard တွေက လုံး၀ အလုပ်မဖြစ်တာကို တွေ့ရပါတယ်။ အခု စိစစ်တွေ့ရှိချက်အရ အဲဒီ Drone Guard တွေက ဒရုန်းတွေနဲ့ ဒရုန်းဗုံးလာကျဲတာတွေကို လုံး၀ ကာကွယ် တားဆီးနိုင်မှု မရှိတာကို စိစစ်တွေ့ရှိရပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်က တာဝန်ခံ၍ တရုတ် Drone Guard များ တပ်ဆင်ထားသော စစ်ဆေးရေး စခန်းများအနက်မှ မုပ္ပလင်စစ်ဆေးရေးဂိတ်မှာ မကြာခဏဆိုသလို ဒရုန်းဖြင့် ဗုံးကျဲခံနေရကြောင်း သိရှိရသည်။

စိုးထွဋ်က Drone Guard များ ဝယ်ယူ တပ်ဆင်ခဲ့သော စစ်စခန်းများတွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၊ ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်၊ တံတားကျိုးပူးပေါင်းစစ်ဆေးရေး စခန်း၊ မြ၀တီကုန်သွယ်ရေးဇုန အပါအဝင် ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ ထွေ/အုပ်ရုံးများ ပါဝင်ကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ရက် တွင် ရာထူး ထုတ်ပယ် အနာပေးခဲ့ကြောင်း၊ ယင်းနောက် စစ်ခုံရုံးက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် ထောင် ၅နှစ် ချ မှတ်ခဲ့ကြောင်း၊ စစ်ကောင်စီ စစ်တရားရုံးက စိုးထွဋ်ကို မြန်မာနိုင်ငံကူးလက် မှတ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက အကူအညီတောင်းခံမှုအပေါ် ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်သြဇာ အသုံးပြုခြင်း၊ တံစိုးလက်ဆောင် လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာချောင်ချိရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွှတ်မှုမရှိသည့် ဆောင်ရွက်မှုများအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top