ရန်ကုန်တွင် MNDAA ကို ဆန္ဒပြရန်အတွက် လိုင်းကား ၉၁ စီးကို စစ်ကောင်စီက ချောဆွဲပြီး CNG ဖြည့်တင်းပေးရန် ညတွင်းချင်း စာထုတ် အကြောင်းကြားလိုက်ကြောင်း သိရှိရသည်။
ဩဂုတ်လ ၆ ရက်နေ့ ရန်ကုန်တွင် MNDAA ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ ကျင်း ပပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ပွဲသို့ တက်ရောက်ရန် YBS ၉၁ စီးကို ချောဆွဲကြောင်း၊ အဆိုပါ YBS ၉၁ စီးကို CNG များ ဦးစားပေး ထုတ်ပေးရန် ရန်ကုန်တိုင်းစစ်ကောင်စီက စာထုတ်၍ အကြောင်းကြားကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကောင်စီက ဩဂုတ်လ ၆ ရက်နေ့မှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် MNDAA ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို မဘသများ၊ အမျိုးသားရေးသမားများနှင့် Non-CDM ဝန်ထမ်းများ အပါအဝင် လူများ စုဆောင်း၍ ပြုလုပ်ရန် ညွှန်ကြားချက်တစ်ရပ်ကို ယနေ့ ထုတ်ပြန်ကြောင်း သိရှိရသည်။
“ရန်ကုန်ကတော့ မနက်ဖြန်ဖြစ်မယ်။ တစ်နိုင်ငံလုံး MNDAA ဆန့်ကျင်ပွဲတွေ လုပ်ဖို့ ညွှန်ကြားချက်တွေ ထွက်ရှိထားပါတယ်။ တိုင်း/ပြည်နယ်စစ်ကောင်စီနဲ့ စရဖ(စစ်ထောက်လှမ်းရေး)တွေက ဦးစီးပြီး လုပ်ရမှာ” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။
ဩဂုတ်လ ၃ ရက်နေ့တွင် MNDAA က လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တိုင်းမှူးဟောင်း အပါအဝင် ထိပ်တန်း စစ်အရာရှိကြီးများကို ဖမ်းဆီးလိုက်ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီမှာ အထိနာပြီး သိက္ခာ အကြီးအကျယ် ကျဆင်းလာချိန်တွင် ယင်းကဲ့သို့ အခကြေးငွေပေး၍ ဆန္ဒပြခိုင်းသည့် စနစ်ဟောင်းဖြင့် MNDAA ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ စီစဉ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
နေပြည်တော်နှင့် ရန်ကုန်မြို့တော်ခန်းမတွင် အကြမ်းဖက်စစ်တပ် ထောက်ခံ ပွဲ နှင့် MNDAA ဆန့်ကျင်ပွဲ ပြုလုပ်ရန် နေ့စားခရ စစ်တပ်ထောက်ခံသူများ၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ စတင်စုဝေးနေ
နေပြည်တော်နှင့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့ နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီ ထောက်ခံပွဲနှင့် MNDAA ဆန့်ကျင်ပွဲ ပြုလုပ်ရန် နေ့စားခရ လူများ၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ စတင်စုဝေးနေကြောင်း ရန်ကုန်နှင့်နေပြည်တော်မြို့ခံများက ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက MNDAA ဆန့်ကျင်ပွဲများ ပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး ဆန္ဒပြပွဲများအတွက် လိုအပ်သော လူများ သယ်ယူပို့ဆောင်ရေး ယာဉ်ကားများ စီစဉ်ပေးရန် ၊ ရေသန့်ဘူးနှင့်ထမင်းဘူးများ စီစဉ်ပေးရန် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် စစ်ကောင်စီများကို ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
ယနေ့ နံနက် ၉ နာရီအချိန် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဝါစိမ်းနီ အလံများ၊ စစ်တပ် အလံများ ကိုင်ဆောင်ထားသော လူများ တဖြည်းဖြည်း လူစုနေကြောင်း ရန်ကုန်မြို့ MFTB ဘဏ်မှ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
“ပုံမှန်ဆိုရင် ဘဏ်က ကားတွေက မြို့တော်ခန်းမနားကားပါကင်မှာရပ်တာ။ ဒီနေ့တော့ သူတို့ ဆန္ဒပြပွဲတွေရှိလို့ ကားတွေ အခြား မှာရပ်ရတယ်။ မနက်က လာတော့ ဝါစိမ်းနီအလံနဲ့ လူတွေ အများကြီးပဲ တဖြည်းဖြည်း စုနေကြတာတွေ့တယ်။ MNDAA ကို ဆန့်ကျင်တယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ ပိုစတာတွေလည်းတွေ့ရတယ်” ဟု အဆိုပါ ဝန်ထမ်းက ရှင်းလင်းပြောဆိုသည်။
ထို့ပြင် နေပြည်တော်မြို့တော်ခန်းမရှေ့တွင်လည်း MNDAA ဆန့်ကျင်ရှုတ်ချပွဲအတွက် စစ်ကောင်စီထောက်ခံသူများက လူစုနေကြပြီး နံနက် ၁၀ နာရီအချိန်တွင် ဆန္ဒပြပွဲ လုပ်ကြမည်ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်ကို ထောက်ခံသော စစ်တပ်လော်ဘီနှင့် အမျိုးသားရေးအစွန်းရောက် နောင်တော်လေး၊ ဇော်ဘုန်းဟိန်း၊ စံဝင်းတို့က ဟောပြော မည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်ထောက်ခံသော မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ။ (ပုံအဟောင်းဖြစ်ပါသည်။)