ဩဂုတ်လ ၆ ရက်တွင် ကျင်းပခဲ့သော မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) အခြေခံစစ်ပညာသင်တန်းဆင်းပွဲသို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂဠုန်စစ်ကြောင်းနှင့် ဒေသဆိုင်ရာ ဦးဆောင်သူများ တက်ရောက်ခဲ့ကြသည်။
ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်းကျင်းပခဲ့သော အဆိုပါ အခမ်းအနားတွင် ဗိုလ်မှူးကြီး တားဆငည်းလေး(TNLA)၊ ဒုဗိုလ်မှူးကြီး မန်းညွှန့်မောင်(KNDO)၊ မြို့နယ်အတွင်းရေးမှူး စောသန်းစိုးမြင့်(ကျုံဒိုးမြို့နယ်)နှင့် ဒုစစ်ကြောင်းမှူး နိုင်စိုးဝင်း(ဂဠုန်စစ်ကြောင်း)တို့တက်ရောက်ခဲ့သည်ဟု MLA က သတင်းထုတ်ပြန်ထားသည်။
“မွန်ပြည်လွတ်မြောက်ရေးတပ်တော်အနေဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ မဟာလူမျိုးကြီးဝါဒပျက်သုန်းရေးအတွက် တော်လှန်တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်းနဲ့ အရည်အသွေး၊ စည်းကမ်းပြည့်ဝတဲ့ ရဲဘော်တွေ ထွက်ပေါ်လာဖို့ စစ်သင်တန်းတွေပြုလုပ်ခဲ့ကြတယ်” ဟု MLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် MLA အနေဖြင့် အမှတ်စဉ် ၆ အတွက် သင်တန်းသားသစ်များ ခေါ်ယူလျှက်ရှိနေပြီး ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အသက်အရွယ်ရှိသူများကို စစ်သင်တန်းများ ပို့ချလျှက်ရှိသည်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော်ကို ၂၀၂၂ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီးနောက် စစ်အာဏာရှင်တိုက်ဖျက်ရေး မွန်ပြည်သစ်ပါတီ(NMSP-AD)နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။
လက်ရှိအချိန်တွင် ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထံတွင်လည်း စစ်သင်တန်းများ သင်ယူခဲ့သည်။
ဓါတ်ပုံ – MLA