စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာရူးသွပ်မှု နှင့် ဖိနှိပ်ရက်စက်မှုများကြောင့် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့ပြီး ထောင်ပေါင်းများစွာသော တပ်မတော်သား များ အပါအဝင် တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများအထိ ကျဆုံး၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများ နှင့် မိမိကိုယ်ကိုသတ်သေမှုများထိ တွေ့ကြုံနေရပြီ ဖြစ်ပါသည်။
ထို့အတူ လောက်ကိုင်မြို့တိုက်ပွဲများအတွင်း နောက်ဆုံးအချိန်ထိ ခုခံတိုက်ခိုက်ခဲ့သော်လည်း စစ်ကူမရသည့်အတွက် လက်နက်ချခဲ့ရသည့် စစ်အရာရှိကြီးများကိုလည်း မင်းအောင်လှိုင်က စစ်ရှုံးနိမ့်မှု တရားခံများအဖြစ် သတ်မှတ်အပြစ်ပေးအရေးယူပြီး သေဒဏ်၊ တသက်တကျွန်းဒဏ် အထိ ပြင်းပြင်းထန်ထန် ချမှတ်ခဲ့ပါသည်။ ၎င်းအပြင် နိုင်ငံအနှံ့ကြုံတွေ့ရင်ဆိုင်နေရသည့် နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းများနှင့် ဆက်စပ်ပြီး တိုင်းမှူးများအပါအဝင် စစ်အရာရှိကြီးများစွာကိုလည်း အမှုအမျိုးမျိုးခေါင်းစဉ်တပ် ဖမ်းဆီး၍ ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူမှုများ လုပ်ဆောင် လျှက် ရှိပါသည်။
လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သည့် တပ်မတော်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အလွန်အကျွံ ကိုယ်ကျိုးရှာအသုံးချမှု၊ အာဏာရူးသွပ်မှုများကြောင့် တပ်တွင်း မကျေနပ်မှုများ၊ စစ်ရေးအထိနာ ရှုံးနိမ့်မှုများ ကြီးမားလာနေပြီး တပ်မတော်သည် ချိနဲ့ပြိုလဲစပြု လာနေပြီ ဖြစ်ပါသည်။
ထိုသို့ နိုင်ငံတော်နှင့် တပ်မတော်ကို ချနင်းဖျက်ဆီးနေသော အာဏာရူး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်အောက်တွင် မည်သည့် စစ်အရာရှိကြီးများမှ အသက်၊ ရာထူး၊ စည်းစိမ်၊ မိသားစုအနာဂတ်လုံခြုံမှု အာမခံချက် ရှိနိုင်မည် မဟုတ်တော့ပေ။
လက်ရှိ တွေ့ကြုံရင်ဆိုင်နေရသည့် အခြေအနေအရပ်ရပ်ကို အချိန်မီ ရပ်တန့်ဖြေရှင်းနိုင်ရန် စစ်ကောင်စီတပ်မှ တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (EROs) များနှင့် ဆက်သွယ်ပူးပေါင်း၍ အောက်ပါ လက်ငင်း တာဝန်များ အား အတူလက်တွဲဖော်ဆောင်ပါရန် တောင်းဆိုတိုက်တွန်းအပ်ပါသည်။
(၁) စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးများအား ဖမ်းဆီးဖယ်ရှားပြီး တပ်မတော် နှင့် နိုင်ငံတော်၏ အနာဂတ်ကို ကယ်တင်ရန်။
(၂) ဒီမိုကရစီစံနှုန်းများနှင့်အညီ အရပ်ဘက်ကွပ်ကဲမှုကို လေးစားလိုက်နာပြီး တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး မူလတာဝန်ကိုသာ ထမ်းဆောင်ရန်။
(၃) လူမျိုးပေါင်းစုံတို့၏ အကျိုးစီးပွားနှင့် ဖြစ်တည်မှုများကို လေးစားအသိအမှတ်ပြုသည့် ပြည်သူလူထုလိုလားနေသော ဖက်ဒရယ်တပ်မတော်တရပ် ပေါ်ပေါက်ရေးဦးတည်၍ ပြုပြင် ပြောင်းလဲရန်။
“ဘုံရန်သူ စစ်အာဏာရှင်စနစ်ဆိုးကို အတူတိုက်ဖျက်ကြ”