မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ချထောက်ကျေးရွာထိပ်မှာ မနက်စာစားဖို့ပြင်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ရှေ့ပြေးကင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
အဲဒီ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အရာရှိတစ်ဦးနဲ့ တပ်သားကိုးဦး သေဆုံးခဲ့ပြီး လေးဦးအပြင်းအထန်ထိခိုက်ဒဏ်ရာရခဲ့တာကို တပ်တွင်းသတင်းပေးဆီကနေ သိရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဆိပ်ဖြူမြို့အနီး ထမ္မခေါက်ကျေးရွာအထိုင်စခန်းကနေ ဆိပ်ဖြူ-ပေါက်လမ်းကို လုံခြုံရေးယူဖို့ ထွက်လာတဲ့ အင်အား၂၀ခန့်ပါ အာဏာသိမ်းစစ်တပ် ရှေ့ပြေးကင်းကို ဩဂုတ်လ ၃ ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့က သူတို့နားနေကျ ချထောက်ရွာထိပ်မှာ မိုင်းထောင်ထားလိုက်တာ၊ အဲဒီမိုင်းပေါ်တည့်တည့်မှာ သူတို့ကမနက်စာစားဖို့ပြင်နေတာ၊ မနက် ၈ နာရီလောက်မှာ ခွဲလိုက်တာ တော်တော်အထိနာသွားကြတယ်”လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသူရိန်က ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် အာဏာသိမ်းစစ်တပ်ဟာ ချထောက်ကျေးရွာရဲ့ တောင်ဘက်က ရွာသစ်ကျေးရွာကို အဲဒီနေ့မှာပဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ၁၀ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
“မနက် ကိုးနာရီလောက်မှာ ဒရုန်းနဲ့ နှစ်ခါလာပြီး လေးလုံးကြဲချသွားတာ၊ ပထမတစ်ခါ နှစ်လုံးကြဲတော့ သူ့အိမ်မှာ ကြက်သွန်ရွေးနေတဲ့ ၁၈နှစ်အရွယ် အမျိုးသမီးတစ်ဦး သေသွားတယ်၊ ငါးယောက်လောက်လဲ ဒဏ်ရာရသွားတယ်၊ နောက်တစ်ခါ နှစ်လုံးထပ်ချတော့ ထပ်ဒဏ်ရာရကြတယ်၊ စုစုပေါင်းဆို ဆယ်ဦးလောက်ရှိမယ်”လို့ ဆိပ်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ရွာသစ်ကျေးရွာကို ဦးတည်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေဟာ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
“တချို့ကလည်း နီးစပ်ရာရွာတွေ ပြေးတာပေါ့၊ ချထောက်ရွာက သိပ်မဆိုးဘူး၊ ရွာသစ်က စစ်ဘေးရှောင်နေကြရတာ၊ ကျွန်တော်တို့ ကူညီထားတာ ၁၅၀ လောက်ရှိတယ်၊ ပြေးလာတာ တစ်ရက်နှစ်ရက်လောက်ရှိသေးတယ်ဆိုတော့ သူတို့အတွက် ရိက္ခာနဲ့ဆေးဝါးအဆင်ပြေနေပါသေးတယ်”လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုသူရိန်က ထပ်ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဆိပ်ဖြူမြို့နယ် ပကဖနဲ့ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ- ဩဂုတ်လ ၃ရက်နေ့က မိုင်းဆွဲခံရအပြီး အလောင်းလာကောက်သည့် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်များအား ဒရုန်းမှတဆင့် တွေ့ရစဉ်