လားရှိုးစစ်ဆေးရုံတွင် သေဆုံးသူများသည် စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ဟု စစ်ဆေးဗိုလ်ကြီးထွက်ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အမှတ် (၉) ကုတင် ၁၀၀ တပ်မတော်ဆေးရုံမှ ထိခိုက်ဒဏ်ရာ ရရှိထားသည့် လူနာများကို လက်နက်ချလိုက်သည့် စစ်ကောင်စီတပ် ဆရာဝန်များနှင့် ကိုးကန့် တပ်မတော် (MNDAA) ၏ ဆေးတပ်ဖွဲ့တို့က ပူးပေါင်းဆေးကုသစောင့်ရှောက်မှုပေးနေကြောင်း သိရသည်။

စစ်ကောင်စီတပ် အထူးကုဆရာဝန်များက MNDAA ၏ လူမှုကွန်ရက် သတင်းစာမျက်နှာမှတဆင့် MNDAA ထံအလင်းဝင်သည့် ထုတ်ဖော်ပြောကြားချက်တွင် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ညနေ ၅ နာရီခွဲလောက်မှာ ဆေးရုံထဲကို MNDAA တပ်ဖွဲဝင်တွေ ဝင်ရောက်မှုရှိခဲ့ပါတယ်။ ကျွန်တော် တို့ကိုတွေ့ရှိခဲ့တဲ့နောက်မှာ ပစ်ခတ်မှုမလုပ်ပါဘူး။ ကျွန်တော်တို့ ဆရာဝန်၊ သူနာပြုတွေနဲ့အတူ ဒီဆေးရုံ ထဲမှာရှိတဲ့ လူနာတွေကို ဒီတပ်ဖွဲ့ဝင်တွေကပဲ သေချာခေါ်ထုတ်ကြတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း လူနာတွေကို ထမ်းခေါ်ခဲ့ရတာရှိပါတယ်” ဟု ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်းအခြေအနေနှင့် ပတ်သက်၍ အလင်းဝင် စစ်ကောင်စီ အရိုးအထူးကုဆရာဝန်က ပြောသည်။

ထို့နောက် MNDAA သည် လူနာများနှင့် လက်နက်ချအလင်းဝင်ရောက်လာသူများကို လုံခြုံစိတ်ချ ရသည့် နေရာသို့ခေါ်ဆောင်သွားပြီး လိုအပ်သည့် ဆေးဝါးနှင့် အစားအသောက်၊ အဝတ်အစား၊ အသုံးအဆောင်များကို ထောက်ပံ့ပေးကာ ဒဏ်ရာရလူနာများနှင့် ကိုယ်ဝန်ဆောင်သည်များကို ဆေးကုသမှုများ ဆက်လက်လုပ်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

လားရှိုးမြို့၊ ကုတင် ၁၀၀ စစ်ဆေးရုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ စစ်ဆေးဆရာဝန်၊ သူနာပြုများနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း အင်အား ၂၀၀ ကျော် သည် ဩဂုတ်လ ၃ ရက်နေ့က MNDAA ထံလက်နက် ချခဲ့ကြခြင်းဖြစ်သည်။

လားရှိုးမြို့၊ ကုတင် ၁၀၀ စစ်ဆေးရုံဝန်းအတွင်းရှိ ခွဲစိတ်ဆောင်ဘက်တွင် ဩဂုတ် ၃ ရက်နေ့က ဗုံးတစ်လုံးကျရောက်ပေါက်ကွဲမှုရှိကြောင်း၊ ညနေ ၃ နာရီခန့်တွင် ဆေးရုံအတွင်းသို့ MNDAA တပ်ဖွဲ့များဝင်ရောက်လာကြောင်း စစ်ကောင်စီတပ် ဆရာဝန်က MNDAA မှ ထုတ်ပြန်သည့်ရုပ်သံတွင် ဖြေကြားထားသည်။

ယင်းအပြင် MNDAA ၏ စာနာထောက်ထားမှုနှင့် ကူညီစောင့် ရှောက်မှုများရရှိသည့်အတွက် ကျေးဇူးတင်ကြောင်းလည်း ၎င်းက ဆိုသည်။

“ကျွန်‌တော်ဆရာဝန်တစ်ယောက်ပါ။ ကျွန်တော့်အတွက်အရေးကြီးဆုံးကတော့ လူနာတွေရဲ့ အသက် ရှင်ကျန်းမာရေးဟာ အရေးကြီးဆုံးပါပဲ။ ဘယ်နေရာ ရောက်ရောက်ပေါ့။ အဲလိုကာလကြီးမှာတောင်မှ ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေနဲ့ ဒဏ်ရာရ စစ်သားတွေကို သနားညှာတာထောက်ထားပေးခဲတဲ့အတွက် ဒါက ကျွန်‌တော်မမျှော်လင့်ခဲ့တဲ့အရာတစ်ခုပေါ့။ ဒီMNDAA တပ်မတော်ကို အရမ်းကျေးဇူးတင်ပါတယ်” ဟု၎င်းက ဆိုသည်။

စစ်ကောင်စီဘက်ကမူ လားရှိုးစစ်ဆေးရုံသို့ MNDAA တပ်ဖွဲ့ဝင်တို့မှ စီးနင်းတိုက်ခိုက်ကာ ပစ်သတ်ခဲ့သည့်အတွက် ဆေးရုံမှ ဆရာဝန်၊ သူနာပြု၊ ဆေးကုသမှုခံယူနေရသည့်အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူပေါင်း ၁၀၀ကျော် သေဆုံးခဲ့ရသည်ဟုဆိုကာ ဝါဒဖြန့်လှုံ့ဆော်လျက်ရှိသည်။

ထိုကြောင့် MNDAA ၏ လုပ်ရက်များအား ကန့်ကွက်ဆန့်ကျင်သည့်ပွဲကို ယနေ့ ဩဂုတ် ၆ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့နှင့် နေပြည်တော်တို့တွင် ပြုလုပ်ခဲ့ကြောင်း စစ်တပ်ထောက်ခံ ချန်နယ်များတွင်ဖော်ပြထားကြသည်။

ယင်းသို့ အလင်းဝင်လာသည့် စစ်သုံ့ပန်းများထဲမှ ဒဏ်ရာရရှိသူများကို ဆေးကုသပေးလျက်ရာ လားရှိုးခရိုင် ရဲတပ်ဖွဲ့၏ ဒုတိယရဲတပ်ဖွဲ့မှူး လှမျိုးလည်းပါဝင် ကြောင်း ယနေ့ ဩဂုတ် ၆ ရက်နေ့တွင် MNDAA က ထုတ်ပြန်ထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top