မေမြို့ ဇီးပင်ကြီး ဝန်ထမ်းတက္ကသိုလ်ကိုလည်း PDF က သိမ်းယူတော့မယ်လို့ စာကြဲချ
နောင်ချိုကနေ မေမြို့ဘက် အဝင်ကို စစ်အုပ်စုက စတင် ပိတ်ဆို့
စစ်တက္ကသိုလ်တွေ တည်ရှိရာ မန္တလေးတိုင်း၊ မေမြို့ကို PDF တော်လှန်ရေး တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက် တော့မယ် ဆိုတဲ့ သတင်းတွေကြောင့် ဒီနေ့ ဩဂုတ်(၇)ရက်မှာ မေမြို့က စစ်အုပ်စု မိသားစုဝင်တွေနဲ့ မြို့ခံတချို့ စတင် ရွှေ့ပြောင်းနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“မနေ့ ညနေကပဲ သတင်းတွေ ပြန့်လာတာ။ မနေ့ည ကတည်းက မိသားစုတွေ အကုန်ထွက်ဖို့ ပြင်ထားတယ်။ ဒီနေ့ အကုန် ထွက်ကြပြီ”လို့ မေမြို့က စစ်အုပ်စုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
သြဂုတ်(၇)ရက် ဒီမနက်ပိုင်းက စပြီး မေမြို့က စစ်အုပ်စု တပ်ရင်းတပ်ဖွဲ့တွေအတွင်း နေထိုင်တဲ့ စစ်အုပ်စု မိသားစု ဝင်တွေနဲ့ မြို့ထဲမှာ နေထိုင်သူတွေပါ ပြောင်းရွေ့နေကြတာ ဖြစ်ပြီး အများစုဟာ ရန်ကုန်၊ နေပြည်တော်နဲ့ မိတ္ထီလာမြို့တွေဘက် ပြောင်းရွေ့နေကြတယ်လို့ ဆိုပါတယ်။
“ဒီနေ့ မနက်အစောပိုင်း ကတည်းက စစ်တပ်မိသားစုဝင်တွေ ပြောင်းရွေ့နေပြီး မေမြို့ထဲကနေ ကားတန်းတွေလိုက် ထွက်ခွာနေတယ်တဲ့။ စစ်တပ် မိသားစုဝင်တွေက ရန်ကုန်၊ နေပြည်တော်နဲ့ မိတ္ထီလာ မြို့တွေကို ရွှေ့ကြတာတဲ့”လို့ မြိုကခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မေမြို့ (၂၁)မိုင်အနီးက ဇီးပင်ကြီး အထက်မြန်မာပြည် ဝန်ထမ်းတက္ကသိုလ်ကိုလည်း တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်သိမ်းယူမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပြီး မနေ့က ဩဂုတ်(၆)ရက်မှာ ဇီးပင်ကြီးကျေးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်တော့မယ့်အကြောင်း စာရွက်ကြဲတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲတွေ စတင်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့် မေမြို့က စစ်အုပ်စု မိသားစုဝင်တွေ အလုံးအရင်းနဲ့ ပြောင်းရွေ့တာတွေ ပြုလုပ်နေပေမယ့် မြို့တွင်းက စစ်အုပ်စု တပ်ရင်းတပ်ဖွဲ့တွေရဲ့ အခြေအနေကတော့ လှုပ်ရှားတယ မတွေ့ရသေးဘဲ ငြိမ်နေဆဲ ဖြစ်သလို ဇီးပင်ကြီးဘက်ကိုလည်း လုံခြုံရေး ပို့လွှတ်တာ မတွေ့ရဘူးလို့ စစ်အုပ်စုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“စနေနေ့ ဇီးပင်ကြီးကိုတိုက်မယ်လို့ သတင်းရတယ်”လို့ စစ်အုပ်စုနဲ့ နီးစပ်သူက ပြောပါတယ်။
တချိန်တည်းမှာပဲ ဒီနေ့ ဩဂုတ်(၇)ရက် မနက်ပိုင်းက စပြီး နောင်ချိုဘက်ကနေ မေမြို့ မြို့ထဲ ဝင်တဲ့ကားတွေ အားလုံးကို ပိတ်လိုက်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မကြာခင် PDFတွေ မေမြို့ကို ဝင်ရောက် တိုက်ခိုက်လိမ့်မယ်လို့ စစ်အုပ်စုကလည်း ကြိုတင် တွက်ဆထားဟန် ရှိပြီး စောင့်ကြည့်၊ အသင့်ပြင် အနေအထား ဖြစ်တယ်လို့ တပ်တွင်းသတင်းအရင်းမြစ်တွေက ပြောပါတယ်။
မေမြို့နဲ့ ထိစပ်နေတဲ့ နောင်ချိုနဲ့ ကျောက်မဲမြို့တွေကို တအာင်းတပ်မတော် – TNLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဖြစ်ပါတယ်။
မေမြို့၊ မေမြို့က စစ်တက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ်နဲ့ ဇီးပင်ကြီး အထက်မြန်မာပြည် ဝန်ထမ်းတက္ကသိုလ်/Photo – Wiki