ရခိုင်ပြည်နယ်၊ မောင်တော၊ နတ်မြစ်ဝရှိ မောင်နီရေကြောင်းဝင်ထွက်စခန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်းသိရသည်။
ယမန်နေ့ ဩဂုတ် ၅ ရက်နေ့တွင် မောင်နီစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
မောင်နီစခန်းမှ စစ်ကောင်စီတပ်သားများသည် စခန်းစွန့်ခွာ၍ ကစဉ့်ကလျားထွက်ပြေးသွားကြပြီး မောင်နီရွာနှင့် ရပ်ကွက် ၂ ဈေးနားတွင် AA နှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။
ထို့အပြင် AA က မောင်နီရွာရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ပြီး ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့များက ကညင်တန်း၊ မောင်နီ၊ ဗိုလ်မှူးရွာ၊ ရပ်ကွက် ၁၊ ၂၊ ၄ တို့အတွင်းသို့ ဝင်ပြေးကြသဖြင့် ဒေသခံပြည်သူများ ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးနားတွင် စုရုံးစစ်ရှောင်နေကြကြောင်းသိရသည်။
“ရပ်ကွက် ၅၊ လသာရပ်ကွက်နဲ့ ဧတာလျာတို့မှာ ဒေသခံတွေပိတ်မိနေတယ်။ ဒီနေ့မနက်ထိ ထွက်ပြေးနေတဲ့ စစ်သားတွေကို AA ကလိုက်ပစ်လို့တိုက်ပွဲအတော် ပြင်းထန်နေတယ်။ စစ်သားတွေက မောင်တောမြို့ထဲကိုဝင်ပြေးတာလည်းရှိတယ်။ သူတို့နဲ့အတူ ARSA နဲ့ ARA တွေလည်း လက်နက်တွေကိုင်ပြီး မောင်တောမြို့ထဲက ဒေသခံတွေကို အကာအကွယ်ယူပြီး မြို့ပေါ် လျှောက်ပြေးနေတယ်”ဟု မောင်တောဒေသခံတစ်ဦးကပြောသည်။
AA က ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့ကလည်း ရွှေဇားရွာရှိ တံတားကိုထိန်းချုပ်လိုက်ပြီး ရွှေဇားရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့လက်နက်တပ်ဆင်ပေးထားသည့် ARAနှင့် ARSAအဖွဲ့များ မောင်တောမြို့အတွင်းသို့ ဝင်ပြေးကြကြောင်းသိရသည်။
လက်ရှိတွင် မောင်တောမြို့ရှိ စခန်းအားလုံးနီးပါးကို AA က ထိန်းချုပ်ထားနိုင်ပြီး လက်ကျန်စခန်းအနည်းငယ်ကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုမှာ မောင်တောမြို့အတွင်းရှိ အရပ်သားပြည်သူများကို အကာအကွယ်ပြု ထွက်ပြေးနေကြကြောင်း သိရသည်။