ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်အနီးတွင် စစ်ကောင်စီနှင့် ၎င်းတို့လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင်အဖွဲ့များအပြင် RSO၊ ARSA၊ ARA အစရှိသည့် မူဆလင်လက်နက်ကိုင်အဖွဲ့အစည်းများသည် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်ဟု AA ကပြောသည်။
စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးချိန်နှင့် AA မှ ဘူးသီးတောင်မြို့အား အလုံးစုံသိမ်းပိုက်ပြီးချိန်တွင် စစ်ကောင်စီသင်တန်းဆင်း လက်နက်ကိုင် မူဆလင်များသည် ဘူးသီးတောင်နှင့် မောင်တောမြို့ နယ်ရှိ နေရာအချို့တွင် လူသတ်၊ လုယက်၊ ဓား ပြတိုက်၊ ပြန်ပေးဆွဲ၊ ငွေညှစ်စသည့်
လုပ်ရပ်များအပြင် အဆောက်အအုံနှင့် တံတားများကို ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း AA က ယနေ့ ဩဂုတ် ၇ ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီအနေဖြင့် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူဒေသများမှ မူဆလင်များကို လူသစ်စုဆောင်းပြီး RSO, ARSA, ARA အဖွဲ့များမှလည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ခစန်းများမှ မူဆလင်များကို စုဆောင်းခေါ်ယူလာပြီး သင်တန်းပေးကာ အကြမ်း ဖက်လုပ်ရပ်များ၌ အသုံးပြုလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအကြမ်းဖက်အဖွဲ့အစည်းများသည် မူဆလင် မဟုတ်သည့် လူနည်းစုမျိုးနွယ်စုများဖြစ်သည့် ခမီ၊ မြို၊ ဟိန္ဒူလူမျိုးများသာမက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုကြသည့် မူဆလင်များကိုပါ အကြမ်းဖက်သတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်လာသည့်အကြောင်းလည်း AA ကပြောဆိုထားသည်။
အာရက္ခတပ်တော် AAအနေဖြင့် ရခိုင်ဒေသအတွင်း နေထိုင်ကြသည့် ပြည်သူတရပ်လုံး၏ စိတ်ပိုင်း၊ ရုပ် ပိုင်းဆိုင်ရာများကို ကာကွယ်နိုင်ရန် ဒေသခံပြည်သူ လူထုများနှင့် ပူးပေါင်းပြီး ထိရောက်သော လုံခြုံရေး ဆိုင်ရာကာကွယ်မှုများကို လုပ်ဆောင်သွားမည်ဟု AA ကပြောသည်။
ထို့အပြင် မောင်တောဒေသအတွင်းရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းနေရာများအားလုံးကို အပြီးသတ်သိမ်းပိုက်ရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည် ဖြစ်သည့်အပြင် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့များ ခေါင်းမထောင်လာနိုင်ရန် ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။