လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထား​​သော စစ်သားမိသားစုဝင်များကို MNDAA က အသုတ်လိုက် ပြန်လွှတ်ပေးနေ

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့မိသားစုဝင်များကို MNDAA က ပြန်လွှတ်ပေးနေပြီး ပြည်သူများကို ပြန်လည်ဝင်ရောက်ခွင့်ပြုနေပြီဟု သတင်းရရှိသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်ထိန်းထားတယ်။ မိသားစုဝင်တွေကို ပြန်လွှတ်ပေးနေပြီ။ တဆက်တည်းမှာ မြို့ခံတွေကို အထောက်အထားနဲ့အတူ ပြန်ဝင်ခွင့်ပေးနေပါပြီ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့မိသားစုဝင်များကိုဩဂုတ်လ ၆ရက်က ၃၈၅ ဦး၊ ယ​နေ့ (ဩဂုတ်လ ၇ရက်) တွင် ၄၄၅ ဦး ပြန်လွှတ်ပေးခြင်းဟု ၎င်းကပြောသည်။

“SSPP ဘက်က ကူညီပေးပါတယ်။ သီပေါဖက်ကတဆင့် ပြန်လွှတ်ပေးတာပါ။ နောက်ရက်တွေ အသုတ်လိုက် ဆက်လွှတ်ဖို့ရှိတယ်လို့ သိရတယ်” ဟု MNDAA နှင့်အတူ တိုက်ပွဲဝင်နေသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သည် လားရှိုးမြို့သိမ်းတိုက်ပွဲနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဇူလိုင်လအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့မိသားစုဝင် ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။

ယခုအခါ MNDAAသည် လားရှိူးမြို့အုပ်ချုပ်ရေးကို စတင်နေပြီးစစ်ဘေးရှောင်နေသည့် ဒေသခံပြည်သူများကိုလည်း ပြန်လည်ဝင်ခွင့်ပြု‌နေပြီဖြစ်သည်။

“မှတ်ပုံ‌တင်တွေနဲ့တိုက်စစ်ပြီး ဝင်ခွင့်ပြုနေပါပြီ။ လိုအပ်တာ စစ်ဆေးပါတယ်။ အဆင်ပြေပါတယ်။ ဝင်လာသူတွေလည်း ရှ်ိနေပြီ”ဟု လက်ရှိတွင် လားရှိုးမြို့၌ရှိနေသူတစ်ဦးကပြောသည်။

မြို့ခံများအား ပြန်ဝင်ခွင့်ပြုသည့် အစီအစဉ်ကို MNDAAအနေဖြင့် အသေးစိတ်သတင်းထုတ်ပြန်အသိ​ပေးရန် စစ်ဘေးရှောင်ပြည်သူများကလိုလား​နေကြသည်။

​ဒေသတွင်းသတင်းဌာန​ဖြစ်​သောရွှေဖီ​မြေ သတင်းဌာနကလည်း လားရှိုးမြို့အတွင်းသို့ ယ​နေ့(သြဂုတ် ၇ ရက်) ကစ၍ မည်သည့်မှတ်ပုံတင်ကိုင်ထားသူမဆို ဝင်ထွက်သွားလာနိုင်ပြီဟု ​ဖော်ပြထားသည်။

“၁၃/လရန မဟုတ်လည်း ဝင်လို့ရတယ်။ လေးစားမှု ရှိရမှာပေါ့။ ခုမှ မြို့သိမ်းခါစဆိုတော့ နည်းနည်းတော့ စစ်ဆေးတယ်။ လုံးဝ မပေးဝင်တာတော့ မရှိဘူး။ စစ်ကောင်စီကို ကာကွယ်ပေးတဲ့ လူတော့ ​သူတို့သိရင် ဝင်လို့မရဘူး”ဟု ​ဒေသခံပြည်သူတစ်ဦးကပြောထားသည်။

MNDAA ဦး​ဆောင်​သော ပူး​ပေါင်းတပ်များသည် လားရှိုးမြို့ရှိ အ​ရှေ့​​မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် စစ်စခန်းများ ကိုသြဂုတ် ၃ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ စစ်​ကောင်စီတပ်သားနှင့် မိသားစုဝင် ​များ စုစု​ပေါင်း လေး​ထောင်​​ကျော်လက်နက်ချခဲ့​ကြောင်းလည်းသိရသည်။

လားရှိုးမြို့တွင်ပြည်သူများ သန့်ရှင်း​ရေးပြုလုပ်​နေကြစဥ်။ ဓါတ်ပုံ-CJ ၊ လားရှိုးမီဒီယာ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top