အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့တိုင်းကို ချေမှုန်းတိုက်ခိုက်သွားမည် AA ထုတ်ပြန်

ဘာသာရေး၊ လူမျိုးရေး၊ အကြမ်းဖက်ဝါဒများ ခေါင်းမထောင်လာနိုင်ရန်အတွက် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့တိုင်းကို ချေမှုန်းတိုက်ခိုက်သွားမည်AA ထုတ်ပြန်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) အနေဖြင့် အာရက္ခဒေသနေ ပြည်သူတစ်ရပ်လုံး၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအ၀၀ကို အပြည့်အ၀ ကာကွယ်ပေးနိုင်ရန်အတွက် ဒေသခံ ပြည်သူလူထုများနှင့် ပူးပေါင်းပြီး ထိရောက်သော လုံခြုံရေးဆိုင်ရာ ကာကွယ်မှုမျိုးကို တုံ့ပြန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ULA/AAကယနေ့ထုတ်ပြန်လိုက်သည်။

ဘူးသီးတောင်၊ မောင်တောဒေသ၏ မြေပြင် အခြေအနေနှင့်ပတ်သက်သည့် ကြေညာချက်ကို AA က ဖော်ပြခဲ့ရာ အဆိုပါဒေသများ၌ စစ်ကောင်စီနှင့် ARA၊ RSO၊ ARSA အဖွဲ့များ၊ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင်များက အကြမ်းဖက်မှုများ လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

RSO၊ ARSA၊ ARA စ​သောအကြမ်းဖက် အဖွဲ့များ ၊စစ်ကောင်စီ သင်တန်း ဆင်းလက်နက်ကိုင်မွတ်စလင်များ နှင့် ရာဇဝတ်လူဆိုးဂိုဏ်းအချို့၏ အကြမ်းဖက်အန္တရာယ်သည် ယခုအချိန်တွင် ဘူးသီးတောင်၊ မောင်တောဒေသရှိ လူနည်းစုသောမျိုးနွယ်စုများအပြင် ၎င်းဒေသနေ ဒေသခံပြည်သူတစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို နေ့စဉ်နှင့်အမျှ ခြမ်းခြောက်နေကြောင်း AA က ဆိုသည်။

လူဆိုးဂိုဏ်းအချို့သည် ယခင်က စစ်​ကောင်စီ စခန်း အနီး၌ လှုပ်ရှားခဲ့ရာမှ ​နောက်ပိုင်းတွင် စစ်​ကောင်စီတပ်များနှင့် ပူတွဲလှုပ်ရှားလာသည်ဟုဆိုသည်။ ထိုအပြင်စစ်​ကောင်စီသည် ​မောင်​တော ၊ဘူးသီး​တောင် ၊​ကျောက်ဖြူ ၊စစ်​တွေ ​ဒေသများမှ မွတ်စလင်များအား လူသစ်စု​ဆောင်းပြီးစစ်သင်တန်း​ပေးသကဲ့သို့၊ ARSA၊ ARA၊ RSO အဖွဲ့များကလည်း ဘဂ်လား​ဒေရှ် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများကို စု​ဆောင်း၍ စစ်သင်တန်းများဆက်တိုက်​ပေး​နေသည်ဟု ​ဖော်ပြထားသည်။

စစ်ကောင်စီက စစ်သင်တန်းပေးထားသည့်၊ အားပေးကူညီထောက်ပံ့ထားသည့် လက်နက်ကိုင်များက အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိရာ မူဆလင်မဟုတ်သော လူနည်းစု များဖြစ်သည့် ခမီ၊ မြို၊ ဟိန္ဒူ လူမျိုးများသာမက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုကြသော မူဆလင်များပါ အကြမ်းဖက်အန္တရာယ် ရင်ဆိုင်နေရသည်ဟု ဖော်ပြထားသည်။

ထိုအပြင် AA တပ်ဖွဲ့ဝင်များ၊ ULA/AA ၏ ရဲတပ်ဖွဲ့ဝင်များ ၊အုပ်ချုပ်​ရေးတာဝန်ထမ်း​​ဆောင်​နေသူများ၊ နယ်စပ်ကင်းလှည့်​သော တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများလည်းပြုလုပ်ခဲ့သည်ဟုဆိုသည်။

မူဆလင်မဟုတ်သည့် သူများ၊ ဘာသာခြား၊ လူမျိုးခြားများကို စျေးမရောင်းရန်၊ မဆက်ဆံရန် ဖယ်ကြဉ်ထားရန် တို့ကိုလည်း ဘာသာရေးအစွန်းရောက်သူများက လုပ်ဆောင်နေသည်ဟု AA က ဆိုသည်။

စစ်ကောင်စီကလည်း ထိုမူဆလင်များအား အားပေးအားမြှောက်ပြုလုပ်နေပြီး ULA/AA နှင့် အာရက္ခ ပြည်သူတစ်ရပ်လုံးတို့အား လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး ထောင်ချောက်များထဲသို့ သက်ဆင်းသွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်နေကြောင်းလည်း AA က ဖော်ပြထားသည်။

လက်ရှိ မောင်တော နှင့် ဘူးသီးတောင် အခြေနေမှာ ဘူးသီးတောင်တပ်စခန်းအားလုံးကို AAက သိမ်းပိုက်ထားပြီးဖြစ်သည်။ မောင်တောတွင်လည်း နယ်ခြားစောင့်တပ်ဖွဲ့(၅)စခန်းနှင့် မောင်တောမြို့တွင်း၌ ခံစစ်အထပ်ထပ် ပြုလုပ်ထား​သောစစ်စခန်း ၂ ခု တို့သာ ကျန်တော့ပြီး ကျန် စစ်စခန်းများကို AA က သိမ်းပိုက်ထားသည်။

စစ်​ကောင်စီသည် ​မောင်​တော်မြို့ ခံများကို မြို့အတွင်းမှ ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းပြုလုပ်ထားပြီး မြို့တွင်းရှိ လူ​နေအိမ်များကိုပါ ခံစစ်စခန်းများအဖြစ်အခိုင်အမာပြုလုပ်၍ ခုခံရန် ပြင်ဆင်​နေသည်ဟုသိရသည်။

ဘူးသီးတောင်နှင့် မောင်တော တိုက်ပွဲများအတွင်း စခန်းစွန့်ထွက်ပြေးသည့် စစ်ကောင်စီတပ်များကို စစ်ကောင်စီက လက်သပ်မွေးထားသည့် မူဆလင်များက စက်လှေများဖြင့်ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ ပို့ဆောင်ခြင်း၊ လက်နက်ခဲယမ်း၊ ရိက္ခာ စစ်အင်အားများ ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း AA ၏ ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

AA အနေဖြင့်လည်း မောင်တောဒေသတွင်း စစ်ကောင်စီ လက်ကျန် စခန်းနေရာအားလုံး အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်သွားမည်ဖြစ်ကြောင်း ထပ်မံ အသိပေးခဲ့ပြီး ဘာသာရေး၊ လူမျိုးရေး၊ အကြမ်းဖက်ဝါဒများ ခေါင်းမထောင်လာနိုင်ရန်အတွက် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့တိုင်းကို ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

တစ်ဖက်တွင်လည်း AAနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေ၍ မောင်တောဒေသရှိ ရိုဟင်ဂျာ(AAက မူဆလင်ဟု ဖော်ပြထား)များ သည် ဩဂုတ် ၅ရက်တွင် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးရန်ကြိုးပမ်းစဉ် AA က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ လူအများအပြား သေဆုံးခဲ့သည်ဆို​သော သတင်းမှာလည်း ပျံ့နှံ့​နေသည်။

ထိုအပြင် ဘူးသီး​တောင်မြို့နယ်တွင် AA သည် ရိုဟင်ဂျာများကို ပစ်ခတ်သတ်ဖြတ် မှုများရှိခဲ့​​ကြောင်း ​ကိုယ်​တွေ့ကြုံခဲ့ရသူများကို ​​တွေ့ဆုံ​မေးမြန်း၍ နိုင်ငံတကာသတင်းဌာနများက​ ဖော်ပြမှုလည်းရှိ​နေသည်။

AA သည် ရခိုင်ပြည်နယ် မှ မြို့နယ် ၁၀ မြို့နယ်နှင့် ချင်းပြည်နယ် ရှိ ပလက်ဝ မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားဖြစ်သည်။

ဆက်လက်၍ သံတွဲမြို့နယ်၊ ​မောင်​တော မြို့နယ် တို့ရှိစစ်​ကောင်စီစခန်းအများအပြားကို သိမ်းပိုက်ထားပြီး လက်ကျန်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်​နေသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top