တံတားဦးနဲ့ နွားထိုးနယ်စပ်က လေကြောင်းရန်ကာ စခန်းတစ်ခုကို သေနတ်မဖောက်ရဘဲ သိမ်းယူရရှိ

မြင်းခြံခရိုင် အထူးစစ်ဆင်ရေးကြောင့် စစ်အုပ်စု စခန်းစွန့်ခွာ ထွက်ပြေးတာဖြစ်

တံတားဦးလေဆိပ်ပတ်လည် အဓိက တပ်စခန်း (၁၀)ခုထက်မနည်း ကျန်ရှိ

မန္တလေးတိုင်း၊ တံတားဦးနဲ့ နွားထိုးကြီးမြို့နယ်အစပ်၊ မြိုင်သာ လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းကို ဩဂုတ်(၂၀)ရက် နေ့လည်ပိုင်းက သေနတ်တစ်ချက်မှပင် ပစ်ဖောက်စရာ မလိုဘဲ အလွယ်တကူ သိမ်းပိုက် ရရှိတယ်လို့ မြေပြင် တော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုရဲ့ အဓိက လေတပ်စခန်းဖြစ်တဲ့ တံတားဦးလေဆိပ်နဲ့ (၁၀)မိုင်ကျော်အကွာ၊ နွားထိုးကြီးမြို့နယ်အစပ်၊ တံတားဦးမြို့နယ် မြိုင်သာ၊ သက္ကယ်ကျင်းနဲ့ အောင်ချမ်းသာကျေးရွာတွေရဲ့ ကြားမှာရှိတဲ့ မြိုင်သာ လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းကို ဩဂုတ်လ (၂၀)ရက် နေ့လယ်(၁၂)နာရီခွဲအချိန် တော်လှန်ရေးတပ်တွေက စီးနင်း တိုက်ခိုက်ဖို့ ချဉ်းကပ်ခဲ့ရာ စစ်အုပ်စု ထွက်ပြေးလို့ ကျည်မကုန်ဘဲ စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး PDF အလံတော် လွှင့်ထူခဲ့တယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

“အခု သိမ်းနိုင်ခဲ့တဲ့ စခန်းက လေကြောင်းရန် ကာကွယ်ရေးတပ်ခွဲလို့ ပြောရမယ့် စခန်းတစ်ခုပါ။ ပင်မ စခန်းကြီးတွေ ရှိနေပါသေးတယ်။ သူတို့(စစ်အုပ်စု)က နွားထိုးကြီး တိုက်ပွဲ ဖြစ်ကတည်းက နီးစပ်ရာ ပင်မ စခန်းကြီးဆီကို သွားပေါင်းနေထိုင်တဲ့သဘော ရှိပါတယ်။ ကျွန်တော်တို့ သိရတာက စခန်းထဲမှာ အစောင့် လေး၊ငါးယောက်လောက် စခန်းမှာ ကျန်ခဲ့တယ်ထင်လို့ ရဲဘော်တွေက သတိကြီးစွာနဲ့ ကပ်သွားချိန်မှာ ဘယ်သူမှ မရှိတော့ဘူး။ သူတို့ကလည်း စခန်းထဲ မနေဘဲ တောထဲမှာ ပုန်းနေပြီးတော့ စခန်းထဲကို ကျွန်တော်တို့ ဝင်လာတာနဲ့ သူတို့လည်း တန်းပြီးတော့ ထွက်ပြေးသွားကြတာ”

အဲ့ဒီ စခန်းထဲကနေ ဆန်နဲ့စားနပ်ရိက္ခာအချို့၊ ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့ပြီး စခန်းအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အလံတော်ကို လွှင့်ထူခဲ့တယ်လို့ တံတားဦးမြို့နယ် (ပကဖ)က ဆိုပါတယ်။

အဲ့ဒီ မြိုင်သာ လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းဟာ တံတားဦးနဲ့ နွားထိုးကြီးမြို့နယ် အစပ်မှာ တည်ရှိပြီး အာဏာမသိမ်းခင် ကတည်းက ရှိခဲ့တဲ့ စခန်းဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တော်လှန်ရေး တပ်တွေက မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) ဖော်ဆောင်နေပြီး နွားထိုးကြီးမြို့က စစ်အုပ်စု စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေချိန် မြိုင်သာစခန်းက စစ်အုပ်စု ထွက်ပြေးသွားတာလို့ မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

“အဲဒီ လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းက တံတားဦးမြို့နယ်ရဲ့ အနောက်တောင်ဘက်ခြမ်း နွားထိုးကြီး မြို့နယ်အစပ် တံတားဦးမြို့နယ်ထဲမှာ ရှိတာပါ။ အင်အားကတော့ (၁၅)ယောက် ဝန်းကျင်လောက်ပဲ ရှိတာပါ။ ကျွန်တော်တို့ စခန်း ဝင်စီးနင်း သိမ်းပိုက်ချိန်မှာ သူတို့တွေက ခုခံ မပစ်တော့ဘဲနဲ့ တန်းပြီးတော့ ထွက်ပြေးသွားတာပါ။ တိုက်ပွဲ ပြင်းပြင်းထန်ထန် မဖြစ်လိုက်ရပါဘူး။ သူတို့ ကျန်ခဲ့တဲ့ ခဲယမ်းအချို့နဲ့ အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်း ရရှိခဲ့ပါတယ်။ စခန်းကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်”

မြိုင်သာ လေကြောင်းရန် ကာကွယ်ရေး တပ်စခန်း စီးနင်းသိမ်းပိုက်မှုကို တံတားဦးမြို့နယ်(ပကဖ)၊ မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀)တပ်ရင်း၊ နွားထိုးကြီးမြို့နယ် ပကဖ၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ အဓိက လေတပ်စခန်းဖြစ်တဲ့ တံတားဦးလေဆိပ် ဝန်းကျင်မှာ လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းတွေ (၁၀)ခု ထက်မနည်း ရှိသေးတယ်လို့လည်း ဒေသခံ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ တံတားဦး လေဆိပ်ကို အခြေပြုပြီး စစ်ကိုင်း၊ မန္တလေး၊ မကွေး အညာဒေသ အပါအဝင် နိုင်ငံတဝန်း လေကြောင်းဗုံးကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

တံတားဦးနဲ့ နွားထိုးကြီးမြို့နယ် အစပ်၊ တံတားဦးနယ် မြိုင်သာ လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းကို တော်လှန်ရေး တပ်တွေက အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့စဉ်/Photo – တံတားဦး ပကဖ၊ မြင်းခြံခရိုင် တပ်ရင်း -၄


Comments

Leave a Reply

Your email address will not be published. Required fields are marked *