မြတောင်စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်မှု ကာကင်း ၃ ခု သိမ်းပိုက်ရရှိ

ထီးချိုင့်မြို့နယ်၊ မြတောင်စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်မှု ကာကင်း ၃ ခု သိမ်းပိုက်ရရှိပြီး စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မြတောင်စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်လျက်ရှိရာ စစ်တပ်၏ကာကင်း ၃ ခု သိမ်းပိုက်ရရှိပြီး စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲလျက်ရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဩဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်း ထီးချိုင့်မြို့၊ တစ်ဖက်ကမ်းရှိ မြတောင်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကာကင်းတပ်စခန်း ၃ ခုကို သိမ်းပိုက်ရရှိကြောင်း၊ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်များက လေကြောင်းပစ်ကူဖြင့် ခုခံနေကြောင်း သိရှိရသည်။

“ဒီမနက် ထီးချိုင့် တစ်ဖက်ကမ်း မြတောင်တပ်စခန်း ကို ဝင်တိုက်နေတာ ကာကင်း ၃ ခု သိမ်းပြီးပြီ။ အခု ဂျက်ဖိုက်တာ နဲ့ ဗုံးကျဲ ချနေတယ်။ တိုက်ပွဲကလည်း ဆက်လက် ပြင်းထန်နေတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA က ဦးဆောင်ပြီး PDF တပ်များ၊ AA အပါအဝင် တော်လှန်ရေးတပ်များက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *