သီပေါ ခလရ ၁၄၇ နှင့် ပြည်သူ့စစ်စခန်းများ MNDAA တိုက်ခိုက်သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁၄၇)နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းများကို ကိုးကန့်တပ်(MNDAA)က တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

သီပေါမြို့မှ နမ့်လန်မြို့ဘက်သို့ အထွက်လမ်း၌တည်ရှိပြီး စစ်ကောင်စီ အခိုင်အမာတပ်စွဲထားသည့် ခလရ(၁၄၇)ကို ယမန်နေ့(ဩဂုတ် ၂၁ ရက်)တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ခလရ(၁၄၇)ကို မနေ့ကသိမ်းတယ်။ အဲဒီမတိုင်ခင်မှာ ပြည်သူ့စစ်စခန်းတွေကို သိမ်းထားတာ။ တပ်ရင်း‌ထဲမှာ ကိုးကန့်အလံထောင်လိုက်ပါပြီ”ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာတွင် အခြေစိုက်ထားသည့် ခမရ(၁၄၇) ကို ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်မှ စတင်ပြီး MNDAAက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ခုခံခဲ့သည်။

တစ်လနီးပါးအကြာတွင် MNDAA က သိမ်းယူနိုင်ခြင်းဖြစ်သည်။ တပ်ရင်းအနီး၌ စစ်ကောင်စီလက်အောက်ခံ ဆင်ကျော့ပြည်သူ့စစ်စခန်း သုံးခုရှိပြီး စခန်းအားလုံးသိမ်းပိုက်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သီပေါမြို့မှ စစ်ကောင်စီစခန်းများကိုလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မဟာမိတ်များက တိုက်ခိုက်နေသည်။ TNLA ဦးဆောင်သည့်ပူးပေါင်းတပ်များက သီပေါမြို့မရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင်စစ်ကောင်စီစခန်းများကို ဩဂုတ် ၁၀ ရက် ကစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် အဆိုပါနေရာများမှ ထွက်ပြေးသွားပြီးနောက် ခလရ(၂၃)၊ ခမရ (၅၀၃)၊ ခမရ(၅၀၄)အတွင်းသို့ ဆုတ်ခွာသွားပြီး ယနေ့အထိခုခံ တိုက်ခိုက်နေဆဲဖြစ်သည်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းမှာတိုက်ခိုက်ရာ အရပ်သား ၁၄ ဦး သေဆုံးပြီး ၄၂ ဦးဒဏ်ရာရရှိထားကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *