စစ်မှုထမ်းဥပဒေကြောင့် အသတ်ခံရတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ရာနီးပါးရှိလာ

ရရှိထားတဲ့ အချက်အလက်တွေအရ စစ်မှုထမ်း ဥပဒေအတည်ပြုပြီးနောက် တပ်သားသစ်စုဆောင်းတာနဲ့ ငွေကြေးတောင်းခံတဲ့ နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေးအဖွဲ့ဝင် ၉၈ ဦးအထိ သတ်ဖြတ်ခံထားရပါတယ်။

အသတ်ခံရသူတွေထဲမှာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ရုံးစာရေးတွေပါပြီး စစ်မှုထမ်းဥပဒေကို စတင်အကောင်အထည်ဖော်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ဩဂုတ်လ ၂၂ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက် ဖြစ်ပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေသူတွေကို ဆက်မလုပ်ဖို့ သတိပေးမှုတွေလုပ်ပြီးနောက် အခုလို သတ်ဖြတ်ခံရတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် နှောကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းကို မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၄၀ ကျော်အရွယ် ဦးအောင်ဝင်းဟာ ပြည်သူ့စစ်မှုထမ်း ဥပဒေအတွက် ပြည်သူတွေအပေါ်မှာ ငွေကြေးတောင်းခံမှုတွေရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အုပ်ဖိုမြို့ခံတစ်ဦးကပြောပါတယ်။

“သူက စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး စစ်မှုမထမ်းချင်တဲ့ သူတွေကို ငွေကြေးတတ်နိုင်တဲ့အပေါ် မူတည်ပြီး တစ်ဦးကို သိန်းနှစ်ဆယ်ကနေ သိန်းငါးဆယ်အထိ တောင်းတယ်။ ပြီးရင်တော့ သူတို့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ခွဲယူကြတယ်”

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဥပဒေအသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် မတ်လ ၉ ရက်နေ့မှာ စစ်မှုထမ်းမယ့်သူတွေကို စတင်ဆင့်ခေါ်ခဲ့ပါတယ်။

အဲဒီနောက် ရပ်ကွက်၊ ကျေးရွာအလိုက် စစ်မှုထမ်းအကျုံးဝင်သူစာရင်းပြုစုပြီး စစ်မှုမထမ်းမနေရစနစ်ကို အကောင်ထည်ဖော်ခဲ့တာပါ။

လက်ရှိမှာ စစ်ကောင်စီက စစ်မှုထမ်း ဥပဒေနဲ့ အကျုံးဝင်သူ လူငယ်တွေကို စစ်မှုထမ်းသင်တန်း အပတ်စဉ် ၅ အထိ ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။

အပတ်စဉ်တိုင်းမှာ စစ်မှုထမ်း အရေအတွက် ဘယ်လောက်အထိ ခေါ်ယူထားတယ်ဆိုတာ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိပေမဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ရဲ့ အစီရင်ခံစာမှာတော့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် စစ်မှုထမ်းသင်တန်းမှာ နိုင်ငံတစ်ဝန်းက လူငယ် ကိုးထောင်နီးပါး စုဆောင်းခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top