နိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှု ဘီလီယံ ၂ သောင်းနီးပါးကို ငွေသား ရိုက်မထုတ်တော့ဘဲ ဒီဂျစ်တယ်ငွေကြေးဖြင့် အစားထိုးဖြေရှင်းမည်

စစ်ကောင်စီက ဝန်ကြီးဌာန ၃၄ ခု၊ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်ရှိ ဝန်ထမ်းများကို ဒီဂျစ်တယ်ငွေကြေးဖြင့် လစဉ် လစာပေးရန် ပုဂ္ဂလိဘဏ်များနှင့် စစ်တပ်ကျောထောက်ခံပြုထားသော ငွေ ကြေး ဝန်ဆောင်မှု ကုမ္ပဏီများကို လုပ်ပိုင်ခွင့်ချထားပေး

အကြမ်းဖက်စစ်ကောင်စီက ဝန်ကြီးဌာန ၃၄ ခု၊ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်ရှိ ဝန်ထမ်းများကို ဒီဂျစ်တယ်ငွေကြေးဖြင့် လစဉ် လစာပေးရန် ပုဂ္ဂလိဘဏ်များနှင့် စစ်တပ်ကျောထောက်ခံပြုထားသော ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ပိုင်ခွင့်ချထားပေးလိုက်ကြောင်း စစ်ကောင်စီဗဟိုဘဏ်ထံမှ သိရှိရသည်။

စစ်ကောင်စီက ကျပ်ငွေများ ရိုက်ထုတ်နေရမှုများကို လျှော့ချရန်၊ ငွေကြေးဖောင်းပွမှုများကို ကာကွယ်ရန်၊ အမျိုးသား ဒီဂျစ်တယ်ငွေပေးချေမှု စနစ် မဟာဗျူဟာကို အကောင်အထည်ဖော်ရန်အတွက် ဒီဂျစ်ငွေကြေးနှင့် ပေးချေမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမဦးစွာ Pilot ပရောဂျက်အဖြစ် နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများကို ဒီဂျစ်ငွေကြေးဖြင့် လစာပေးခဲ့ရာ အဆင်ပြေခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် မေလမှစတင်၍ ဝန်ကြီးဌာန ၃၄ ခုမှ ဝန်ထမ်းများကို ဒီဂျစ်တယ်ငွေကြေးဖြင့် ပေးချေပြီး ရန်ကုန်၊ မန္တလေးရှိ ဝန်ထမ်းများကို ဒီဂျစ်တယ်ငွေကြေးဖြင့်ပင် ဝန်ထမ်းလစာများ ပေးချေခဲ့ကြောင်း၊ လစဉ် ဒီဂျစ်တယ်ငွေကြေး ငွေကျပ် ၉ ဘီလီယံကျော် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

ယခုအခါ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အတွင်းရှိ ဝန်ထမ်းများအားလုံးကို ဒီဂျစ်တယ်ငွေကြေးဖြင့်ပင် ပေးချေမည်ဖြစ်ပြီး ယင်းသို့ ပေးချေရန်အတွက်လည်း သက်ဆိုင်ရာ ပုဂ္ဂလိကဘဏ်များ၊ စစ်တပ်ကျောထောက်နောက်ခံပေးထားသော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ပိုင်ခွင့်ပေးလိုက်ကြောင်း၊ ထို့ပြင် တစ်နိုင်ငံလုံးတွင် ငွေထုတ်စက် ATM များ တိုးမြှင့် တပ်ဆင်လျက်ရှိပြီး ရန်ကုန်တွင် ATM စက် ၁၉၀၈ လုံး၊ မန္တလေးတွင် ATM စက် ၇၀၇ လုံး၊ နေပြည်တော်တွင် ATM စက် ၃၃၂ လုံး တပ်ဆင်ထားကာ ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ဝန်ထမ်းများအတွက် ဒီဂျစ်တယ်ငွေကြေးဖြင့် ငွေပေးချေမှု လုပ်ပိုင်ခွင့်ရရှိသူများတွင် စစ်ကောင်စီရုံးအတွက် မြန်မာ့စီးပွားရေးဘဏ်ကလည်းကောင်း၊ အစိုးရအဖွဲ့ရုံးအတွက် မြန်မာ့စီးပွားရေးဘဏ်၊ KBZ ဘဏ်နှင့် UAB ဘဏ်တို့ကလည်းကောင်း၊ ပြည် ထောင်စု လွှတ်တော်ရုံးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့်KBZ ဘဏ်ကလည်းကောင်း၊ ပြည်သူ့လွှတ်တော်ရုံးအတွက် မြန်မာ့စီးပွားရေးဘဏ်၊ KBZ ဘဏ်နှင့် CB ဘဏ်ကလည်းကောင်း ၊ အမျိုးသားလွှတ်တော်ရုံးအတွက် မြန်မာ့စီးပွားရေးဘဏ်၊ ဧရာ၀တီဘဏ်နှင့် CB ဘဏ်က လည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အတွက် မြန်မာ့စီးပွားရေးဘဏ်၊ KBZ ဘဏ်နှင့် CB ဘဏ်ကလည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကလည်းကောင်း အသီးသီး လုပ်ပိုင်ခွင့်ရရှိကြောင်း သိရှိရသည်။

ထို့ပြင် မြ၀တီဘဏ်၊ အင်း၀ဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ရွှေဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာ၀တီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ Zego Pay ကုမ္ပဏီ (Zego Money) ၊ Digital Money Myanmar (Wave Money)၊ Universal Pay (UniPay)/ Nature Link Pay ကုမ္ပဏီ ( Trusty Ecommerce) ၊ Internet Wallet Myanmar ကုမ္ပဏီ (OK$) တို့ကလည်း ဝန်ကြီးဌာနများနှင့် ပြည်နယ်/တိုင်းအလိုက် ဒီဂျစ်ငွေကြေးဖြင့် လစာပေးချေမှု ပရောဂျက်များကို ရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီက ဒီဂျစ်ငွေကြေးနှင့် ဒီဂျစ်တယ်ငွေပေးချေမှုများကို ချက်ချင်း အကောင်အထည်ဖော်နေရာတွင် လိုသလောက် ငွေကြေးများကို ငွေစက္ကူများ ရိုက်ထုတ်ရန် မလိုဘဲ၊ မင်ဖိုးမကုန်ဘဲ ကိန်းဂဏန်းဖြင့် ထုတ်လုပ်နိုင်ခြင်း၊ ဘတ်ဂျက်လိုငွေပြမှု ဘီလီယံ ၂ သောင်းနီးပါးကို ဒီဂျစ်တယ်ငွေကြေးဖြင့် ဖြေရှင်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိတွင် ကျပ်ငွေ ငွေသား အသုံးပြုမှုကို စစ်ကောင်စီက ပိုမိုတင်းကျပ်လာနေကြောင်း သိရှိရသည်။

“ဒီဂျစ်ငွေကြေးဆိုတာကတော့ ကိန်းဂဏန်းတွေပဲလေ။ သူက ဝါဇီစက်ရုံမလိုတော့ဘူး။ မင်လည်း မကုန်ဘူး။ စက္ကူလည်း မလိုဘူး။ အစိုးရက လိုချင်တဲ့ ပမာဏကို ကိန်းဂဏန်းတွေနဲ့ ထည့်ပေးလိုက်လို့ရတယ်။ အဲဒီငွေကြေးကတော့ စကစအတွက် အများကြီး ပိုပြီးတော့ ဘတ်ဂျက်လိုငွေပြမှုကို ဖာထေးနိုင်တယ်။ ဒါကြောင့် သူတို့ ဒါကို တွန်းလုပ်နေတာ။ တကယ်တော့ အခြေခံ ပြည်သူတွေမှာ ဘာမှ အဆင်သင့်မဖြစ်သေးဘူး။ စကစက သူ့ပြဿနာပြေလည်ဖို့ ဒီဂျစ်တယ်ငွေကြေးစနစ်ကို ချက်ချင်းကြီး ထလုပ်နေတာ။ ဘတ်ဂျက်လိုငွေပြမှုကို ငွေရိုက်မထုတ်ဘဲ ဖြေရှင်းချင်တာကြောင့်လည်းပါတယ်လို့ ပြောရမယ်” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက သုံးသပ်သည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့ စစ်ရှုံးထားသော နယ်မြေများတွင် ငွေကြေးစီးဆင်းမှုများနှင့် ငွေကြေးအသုံးပြုမှုများကိုလည်း ထိန်းချုပ်ရန်အတွက် ဒီဂျစ်တယ်ငွေကြေးစနစ်ကို ပိုမိုတိုးမြှင့်အကောင်အထည်ဖော်လာခြင်းဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့က သုံးသပ်ပြောဆိုသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top