အာဆီယံဒေသတွင်းအထိ ရောက်ရှိလာပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်လာသော မျောက်ကျောက်ရောဂါ
မျောက်ကျောက်ရောဂါ -Mpox (monkeypox) ကူးစက်မှုဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံအတွင်း ရောက်ရှိလာပြီလို့ ထိုင်းသတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
မျောက်ကျောက်ရောဂါ -Mpox (monkeypox)ဟာ လက်တလော ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO)ရဲ့ ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ကြေညာခံထားရတဲ့ ကူးစက်ရောဂါပိုးဖြစ်ပြီး မြန်မာနိုင်ငံအတွင်းကိုလည်း ကူးစက်လာနိုင်တဲ့ အလားအလာတွေရှိနေလို့ သတိပြုဆင်ခြင်ရမယ့် အခြေအနေဖြစ်ပါတယ်။
ဒီရောဂါဟာ ၁၉၅၈ ခုနှစ်က သုတေသနပြုလုပ်ဖို့ သိမ်းဆည်းထားတဲ့ မျောက်အုပ်စုတွေမှာ ပထမဆုံးတွေ့ရှိခဲ့လို့ မျောက်ကျောက်ရောဂါ-Mpox (monkeypox) လို့ နာမည်တပ်ခဲ့က ၁၉၇၀ ပြည့်နှစ်တွေမှာ လူသားတွေထံ ကူးစက်လာတာကို စတင်တွေ့ရှိခဲ့ပါတယ်။
ဒီရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးဟာ တိရိစ္ဆာန်တွေကတဆင့် ကူးစက်တာအပြင် လူအချင်းချင်းလည်း ကူးစက်ပြန့်ပွားစေလို့ WHOက အခုအချိန်မှာ ကူးစက်မှု အရေးပေါ်အခြေအနေကြေညာထားတာ ဖြစ်ပါတယ်။
သတိပြုရမယ့် မျောက်ကျောက် ရောဂါလက္ခဏာတွေကတော့ ဖျားတာ၊ ခေါင်းအရမ်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ခါးနာတာ၊ အားအင်ကုန်ခမ်းတာ၊ ပြန်ရည်အိပ် (Lymph node) တွေရောင်ရမ်းတာနဲ့ အရေပြားပေါ်မှာ အနီကွက် (သို့) အဖုအပိန့်တွေ၊ အရည်ကြည်ဖုတွေထွက်တာတို့ဘဲဖြစ်ပါတယ်။
လက္ခဏာတွေထဲကတခုဖြစ်တဲ့ အနီကွက်တွေကို စတင်ဖျားပြီး တစ်ရက်ကနေ သုံးရက်အတွင်း အရေပြားပေါ်မှာ တွေ့ရပြီးနောက် အဖုအပိန့်တွေ၊ အရည်ကြည် (သို့) အဝါရောင်အရည်တွေပြည့်နေတဲ့ အရည်ကြည်ဖု၊ ပြည်ဖု အနေ အထားတွေနဲ့ တွေ့လာရတတ်ပါတယ်။ ဒီအရည်ကြည်ဖုတွေဟာ နောက်ပိုင်း ပေါက်ထွက်ပြီး ခြောက်သွေ့ကာ အနာဖေးအနေနဲ့ ကွာကျသွားပါတယ်။
လူနာတစ်ယောက်စီမှာ အဖုအပိန့်တွေကို အရေအတွက် အနည်းငယ်ကနေ ထောင်ပေါင်းများစွာအထိ တွေ့ရတတ်ပြီး အဖုအပိန့်အများစုကို မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါး၊ ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နဲ့ မျက်စိတွေမှာ တွေ့ရတတ်ပါတယ်။
မျောက်ကျောက်ရောဂါကြောင့် သေဆုံးနိုင်သလားဆိုရင်တော့ လူနာအများစုက ရက်သတ္တပါတ်အနည်းငယ်အတွင်း ရောဂါလက္ခဏာတွေ ပျောက်ကင်းသွားနိုင်သလို လူတစ်ချို့မှာတော့ နောက်ဆက်တွဲ ရောဂါဆိုးကျိုးတွေဖြစ်ပွားပြီး သေဆုံးတဲ့အထိလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ကတော့ အရေပြားမှာ အနာဖြစ်တာ၊ အဆုတ်ရောင်တာ၊ စိတ် ကယောင်ခြောက်ခြားဖြစ်တာနဲ့ မျက်လုံးကို ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။
မျောက်ကျောက် ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေရဲ့ သတင်းအချက်အလက်ပေးပို့မှုတွေအရ လူနာ ၃ရာခိုင်နှုန်းကနေ ၆ရာခိုင်နှုန်းအထိ သေဆုံးခဲ့ပြီး ရောဂါအခံရှိသူတွေနဲ့ ကလေးငယ်တွေ အများစုသေဆုံးတယ်လို့ WHOက ဆိုပါတယ်။
ဒီအချက်အလက်တွေက ရောဂါဖြစ်ပွားမှုများတဲ့ နိုင်ငံတွေရဲ့ ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့စနစ်လိုအပ်ချက် အကန့်အသတ်ကြောင့် ပိုမိုတွက်ချက်ခန့်မှန်းထားတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒီရောဂါကူးစက်ပုံက ရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေကို ကိုင်တွယ်ထိတွေ့လို့ လူကို ကူးစက်စေသလို ရောဂါလက္ခဏာခံစားနေရတဲ့ လူအချင်းချင်း အနီးကပ် ကိုင်တွယ်ထိတွေ့ထိတာကနေလည်း ရောဂါကူးစက်ခံရနိုင်ပါတယ်။
မျောက်ကျောက်ရောဂါဖြစ်နေတဲ့ လူတဦးဟာ ရောဂါလက္ခဏာခံစားနေရချိန် ၂ပါတ်ကနေ ၄ ပတ်( ၁လ)အတွင်း တခြားသူကို ကူးစက်စေနိုင်ပါတယ်။
ဒါ့အပြင် ရောဂါလက္ခဏာခံစားနေရသူကို အနီးကပ် ကိုင်တွယ်ထိတွေ့ခြင်းကလည်း ရောဂါကူးစက်ခံရနိုင်ပါတယ်။ အထူးသဖြင့် လူနာရဲ့ အနီကွက်တွေ၊ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေ (အရည်ပြား အဖုအပိန့်က ထွက်တဲ့အရည်၊ ပြည် ၊ သွေး) နဲ့ အနာဖေးတွေက တဆင့် ကူးစက်စေသလို ရောဂါဖြစ်ပွားသူ ကိုင်တွယ်ထိတွေ့ပြီးတဲ့ ဗိုင်းရပ်စ်ကပ်ညိနေသော အဝတ်အစား၊ အိမ်ယာခင်း၊ မျက်နှာသုတ်ပါဝါ ၊ စားသောက်ရာမှာ သုံးတဲ့ပစ္စည်းတွေ၊ ပန်းကန်တွေကို ကိုင်တွယ်ထိတွေ့ခြင်းကနေလည်း တစ်ဆင့်ကူးစက်စေပါတယ်။
ထူးခြားတာက ကျောက်ကြီးရောဂါကာကွယ်ဆေး ထိုးထားသူတွေဟာ မျောက်ကျောက်ရောဂါဖြစ်ပွားတာကနေ တစိတ်တပိုင်းကာကွယ်မှုရရှိနိုင်တယ်လို့ WHOက ဆိုပါတယ်။
ကျောက်ကြီးရောဂါပပျောက်သွားတဲ့ ၁၉၈၀ ခုနှစ် နောက်ပိုင်း ကျောက်ကြီးရောဂါကာကွယ်ဆေးထိုး လုပ်ငန်းရပ်နားထားခဲ့လို့ ငယ်ရွယ်သူတွေက ကျောက်ကြီးရောဂါ ကာကွယ်ဆေး မထိုးနှံခဲ့ရတဲ့အတွက် လူငယ်တွေ ပိုသတိထားသင့်တယ်လို့လည်း WHOက သတိပေးထားပါတယ်။
ကျောက်ကြီးရောဂါ (smallpox) ကာကွယ်ဆေးတော်တော်များများက မျောက်ကျောက်ရောဂါ ကူးစက်မှုကနေ တစ်စိတ်တစ်ဒေသကာကွယ်မှု ပေးနိုင်ပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေး ဆေးအသစ်တစ်မျိုး ဖြစ်တဲ့ MVA-BN၊ Imvamune၊ Imvanex of Jyynneo က မျောက်ကျောက်ရောဂါ ကူးစက်တာကာကွယ်ဖို့ ၂၀၁၉ ခုနှစ်မှာ ခွင့်ပြုချက်ရရှိထားပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးဘူးလို့ သိရပါတယ်။
လက်ရှိတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကမ္ဘာ့အရေးပေါ်အခြေ အနေကြညာထားတဲ့ မျောက်ကျောက်ရောဂါကူးစက်မှု တွေ့ရှိထားပြီဖြစ်တာကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း သတိပြုဆင်ခြင်နေထိုင်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။
အာဖရိက နှင့်အာရှနိုင်ငံအချို့တွင် မျောက်ကျောက်ဗိုင်းရပ်စ်(Monkeypox Virus ) ပိုးကူးစက်မှု ပျံ့နှံ့နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) က မျောက်ကျောက်ရောဂါဟာ နိုင်ငံတကာနဲ့ဆိုင်တဲ့ ပြည်သူ့ကျန်းမာအရေးပေါ်ပြဿနာ အဖြစ် ကြေညာထားတာ တစ်နှစ်နဲ့နှစ်လ နီးပါး ရှိနေပါပြီ။
မျောက်ကျောက်ရောဂါတွေ့ရှိမှုများကို အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံ တို့အပြင် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံမှာပါ အသီးသီးကြေညာခဲ့ကြတာကြောင့် မျောက်ကျောက် ရောဂါဟာ တစ်ဖန်ပြန်ကြွလာတဲ့ ရောဂါတစ်ခုဖြစ်လာပြီး မြန်မာနိုင်ငံအတွက်လည်း အရေးပေးရမယ့် ကျန်းမာရေးပြဿနာတစ်ခု အဖြစ်ရှိနေပါပြီ။
မျောက်ကျောက်ရောဂါလက္ခဏာများ
မျောက်ကျောက်ဗိုင်းရပ်စ် ပိုးကူးစက်ခံရပြီးသည့်နေ့မှစတင်၍ သုံးပတ်အတွင်း အနီစက်၊ အနီကွက်များ ထွက်လာပါတယ်။ အဲ့ဒီကနေ အရည်ကြည်ထပြီး အနာများဖြစ်လာကာ တစ်ကိုယ်လုံးပျံ့နှံ့ပါတော့ တယ်။ လဝက်မှ တစ်လကြာသည်အထိ အနာမကျက်ဘဲ အခြားလူကို ကူးစက်နိုင်ပါတယ်။ မျက်နှာ၊ ပါးစပ်၊ လက်ဖဝါးနဲ့လည်မြို နေရာတွေအပြင် ပေါင်ခြံ၊ လိင်တံ၊ အမျိုးသမီးအင်္ဂါနဲ့ စအိုတွေမှာပါ တွေ့ရပါတယ်။
အဲ့ဒါတွေအပြင် ကိုယ်ပူဖျား ၊ခေါင်းကိုက်၊ ကြွက်သားနာကျင်၊ လည်ချောင်းယား၊ လည်ချောင်းနာ၊ ကျောအောင့်၊ ပင်ပန်းအားမရှိ တာတွေ အတူတူ ဖြစ်လာနိုင်ပါတယ်။ စမ်းကြည့်ပါက အဖုအကျိတ် (ပြန်ရည်ကြောရောင်ရမ်းခြင်း) ကိုပါ ယှဉ်တွဲတွေ့ရနိုင်ပါတယ်။
ဝမ်းအိမ်နှင့် စအိုရောင်ရမ်းပြီး ဝမ်းသွားချင်သလိုလိုဖြစ်ခြင်း နာကျင်ခြင်းနှင့် လိင်အင်္ဂါရောင်ရမ်းခြင်း ဆီးသွားရခက်ခြင်းတို့ဖြစ်တတ်ကြောင်းကိုလည်း ထုတ်ပြန်ကြေညာထားပါတယ်။
မျောက်ကျောက်ဗိုင်းရပ်စ် ပိုးကူးစက်ပါက အထူးသဖြင့် သက်ကြီးရွယ်အို၊ ကလေးငယ်၊ ကိုယ်ဝန်ဆောင်၊ ကိုယ်ခံအားနည်းနေသူများတွင် ကူးစက်ခံရပါက အသက်အန္တရာယ်ရှိနိုင်ပါတယ်။
အရည်ကြည်ဖုနဲ့ အနီကွက်အနာများ ပေါက်ထွက်ပြီး ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ရောဂါပြင်း ထန်ကာ ပိုဆိုးလာတတ်ပါတယ်။ ပိုးဝင်ခြင်းကြောင့် သွေးတွင်းပိုးဆိပ်ပျံ့နှံ့ခြင်း၊ နှလုံးပိုးဝင်ရောင် ရမ်းခြင်း၊ ဦးနှောက်ပိုးဝင်ရောင်ရမ်းထိခိုက်ခြင်း၊ အဆုတ်ရောင်ရမ်းခြင်းနဲ့ မျက်စိတွေရောဂါ လက္ခဏာများ ဖြစ်ပေါ်ခြင်းတို့ကိုလည်း ကြုံတွေ့ခံစားရနိုင်ပါတယ်။
နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအနေနဲ့ အရေပြားအနာများမှတစ်ဆင့် ပြင်းထန်စွာ ဘက်တီး ရီးယားပိုးဝင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ နှလုံးရောင်ခြင်းနဲ့ မျက်စိပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါပြင်းထန်သူတွေကိုတော့ ဆေးရုံတင်ကုသဖို့ လိုအပ်ပါလိမ့်မယ်။
မျောက်ကျောက်ရောဂါဟာ ကူးစက်မှု လွယ်ကူပါတယ်။ လူကနေ လူကို အနီးကပ်ထိတွေ့တဲ့အခါ ရောဂါ ကူးပါတယ်။ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးရှိသူ ကိုင်တွယ်ထိတွေမိတဲ့ပစ္စည်းတွေကနေ တစ်ဆင့်လည်း ကူးတတ်ပါတယ်။ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ တိရစ္ဆာန်ကနေ တစ်ဆင့်လည်း ထိတွေ့ပြီး ကူးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းကနေ ကူးစက်တတ်တာကြောင့် COVID-19 ကဲ့သို့ ကူးစက်မှု တူပါတယ်။
COVID-19 ကဲ့သို့ ကူးစက်မှု တူပေမယ့် လိင်ဆက်ဆံရာကနေ ကိုယ်ခန္ဓာချင်း ထိတွေ့မိတာကြောင့် ကူးစက်နိုင်ခြေ ပိုပြီးမြင့်မားတယ်လို့ အင်္ဂလန်နိုင်ငံ ကျန်းမာရေးဌာနက ဖော်ပြထားပါတယ်။ အုပ်စုဖွဲ့ လိင်ဆက်ဆံကြသူတွေမှာ အဖြစ်အများဆုံးလို့လည်း ကြေညာခဲ့ကြပါတယ်။
မျောက်ကျောက်ရောဂါဆိုတဲ့ အတိုင်း (ကျောက်ပေါက်)အဖုအကွက်တွေ ခန္ဓာကိုယ်မှာ ပေါ်လာ တတ်ပါတယ်။ အဖုအကွက်အနာကို စမ်းသပ်စစ်ဆေးဓာတ်ခွဲဖို့ အတွက် Monkeypox virus Real-Time Polymerase Chain Reaction (PCR) ဆေးစစ်ခြင်းအမျိုးအစားကိုသုံးမှာသာ မြန်ဆန်တိကျ မှန်ကန်တဲ့ အဖြေ ကိုရနိုင်ပါတယ်။
အများပြည်သူကိုအသိပေးကြေညာရမည့်ရောဂါ (Notifiable Disease) ဖြစ်တဲ့ မျောက်ကျောက်ရောဂါ ကို ပေါ့ဆထားလို့မရပါဘူး။ ကမ္ဘာအဆင့်ကြေညာချက်တွေ ထုတ်ပြန်ပေးရမှာဖြစ်ပါတယ်။
ကိုက်ခဲနာကျင် ကိုယ်ပူဖျားခြင်း ကိုကုသဖို့ ပါရာစီတမော (Paracetamol) ဆေးသောက်ပါ။ ရေဓာတ် ပြည့်ဝအောင် ရေဓာတ်ဆားရည် အသီးဖျော်ရည်များသောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ အာဟာရပြည့်ဝဖို့ ကျန်းမာရေးနှင့်အညီ သင့်တင့်မျှတစွာစားပါ။ ကိုယ်ခံအားပြည့်ဝအောင်နေထိုင်ကြပါ။ ဆရာဝန်နဲ့ ဆွေးနွေးပြသပါ။
မျောက်ကျောက်ရောဂါကိုကာကွယ်ရန်
မျောက်ကျောက်ရောဂါကာကွယ်ဆေးရှိပါတယ်။ စိတ်ပူတတ်ပါက မျောက်ကျောက်ကာကွယ်ဆေးကို မေးမြန်းစုံစမ်းပြီး ထိုးနှံထားကြပါ။ မျောက်ကျောက်ရောဂါသံသယရှိသူနဲ့ ခန္ဓာကိုယ်ချင်း ထိတွေ့မှု ရှောင်ပါ။
မျောက်ကျောက်ရောဂါဟာ မိခင်ကနေ သန္ဓေသားကို ကူးစက်နိုင်တာကြောင့် ကိုယ်ဝန်ဆောင်သူများ မျောက်ကျောက်ရောဂါကိုအထူးသတိပြုရမှာ ဖြစ်ပါတယ်။ မီးဖွားစဉ်၊ နို့ချိုတိုက်ကျွေးစဉ် ရောဂါရှိသူမိခင်ကနေ ကလေးကိုကူးစက်နိုင်တာကြောင့် နို့တိုက်မိခင်များကို ကျန်းမာရေး ပညာပေးခြင်း၊ ရောဂါမကူးစက်ဖို့ကြိုတင်ကာကွယ်ထားခြင်းတွေ ပြုလုပ်ရပါမယ်။
တိရစ္ဆာန်များကိုက်ခြင်း၊ ကုတ်ခြစ်ခြင်းတို့မဖြစ်အောင်လည်း တိရစ္ဆာန်များနဲ့နီးစပ်နေထိုင်ခြင်းကို ရှောင်ရှားကြပါ။
နောက်ထပ်သိလိုတဲ့ ကျန်းမာရေးနဲ့ပညာပေးတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်နေတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ facebook online စာမျက်နှာပေါ်မှာ ဖတ်ရှုလေ့လာ နိုင်ပါတယ်။ ရောဂါသံသယရှိတယ်ဆိုပါက တယ်လီကျန်းမာ TeleKyanmar အွန်လိုင်းအခမဲ့ ဆေးကုသ ပေးနေတဲ့ CDM ဆရာဝန်များနဲ့ ပြသပြီးအကြံဉာဏ်တောင်းယူနိုင်ပါတယ်။
ပရိသတ်များနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ပဋိပက္ခကာလကြီးကို ကျန်းမာစွာနဲ့ ရင်ဆိုင်ပြီး အမြန်ဆုံး ကျော်လွှားနိုင်ကြပါစေ။
ဒေါက်တာမိုးသစ်နေ
Leave a Reply