ဆီဆိုင်မြို့ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၄၈ ဦးသေဆုံးပြီး အလောင်း ၃၁ လောင်းတွေ့ရှိရ

အမြောက်နှင့်လက်နက် ၁၅ လက်၊ ဒရုန်း ၂ စင်းနှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်တပ်၏ တန်ပြန်တိုက်ခိုက်မှုများနှင့် သတ်ဖြတ်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၄၈ ဦးသေဆုံးပြီး အလောင်း ၃၁ လောင်းတွေ့ရှိရကာ အမြောက်နှင့်လက်နက် ၁၅ လက်၊ ဒရုန်း ၂ စင်းနှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း PNLA က သတင်းထုတ်ပြန်သည်။

ဩဂုတ်လအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲများ ရှိသည့် နေရာများသို စစ်ကောင်စီ နှင့် လက်အောက်ခံ PNOပြည်သူ့စစ် က စစ်ကြောင်းထိုးကာ ပအိုဝ်းကျေးရွာများကို ပစ်ခတ်ဖျက်ဆီးလာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမှု ၁၄ ကြိမ် ရှိခဲ့ကြောင်း၊ ထိုတိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်ဖွဲဝင် ၄၈ ဦးသေဆုံးခဲ့ပြီး အလောင်း ၃၁ လောင်း ကျန်ရှိခဲ့ကြောင်း၊ ထို့အပြင် တိုက်ပွဲအတွင်း လက်နက်ငယ် ၁၄ လက်၊ ၆၀ မမ ပြောင်းတို ၁ လက် နှင့် ဒရုန်း ၂ စင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လအတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ပေါင်း ၃၀၀ ဗုံးများ အသုံးပြုကာ ပအိုဝ်းကျေးရွာများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီ နှင့် လက်အောက်ခံPNOပြည်သူ့စစ်များက ဆီဆိုင်မြိုနယ် မီရဲ့ကျေးရွာနှင့် ထီရီးပွဉ်ရင်း ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် အကြိမ် ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထု၏ နေအိမ် ၄ အိမ် မီးလောင်ပျက်စီးခဲ့ကြောင်း ၊ထို့အပြင် ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးခဲ့ရကြောင်း သိရှိရသည်။

အလားတူ ဆီဆိုင်မြိုနယ် ပန်အောင်ကျေးရွာကို စစ်ကောင်စီနှင့် PNO က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်သဖြင့် ပန်အောင်ကျေးရွာဒေသခံ မွိးစွန် အသက် ၄၀ နှစ်သည် လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရကြောင်း၊ မွိးစွန်၏သား အသက် ၃ နှစ်အရွယ် ကလေးငယ်သည်လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဆီဆိုင်မြိုနယ် လွယ်ထွယ်ကျေးရွာအတွင်းသိုလည်း စစ်ကောင်စီနှင့် လက်အောက်ခံPNOပြည်သူ့စစ်က လက်နက်ကြီး အကြိမ် ၂၀ ကျော် ပစ်ခတ်သဖြင့် ပြည်သူလူထု၏ နေအိမ်အချို ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ဩဂုတ်လအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက လက်နက်ကြီများ လေယာဉ်များ အသုံးပြုပြီး ပအိုဝ်းကျေးရွာကို တိုက်ခိုက်ခြင်းကြောင့် ပအိုဝ်းပြည်သူ ၃၀၀၀ ကျော် တောတောင်ထဲသို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ထိုထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူများအတွက် စားနပ်ရိက္ခာ အမိုးအကာ အကူအညီများ အရေးပေါ် လိုအပ်နေသဖြင့် ပြည်တွင်း ပြည်ပအဖွဲအစည်းများ နိုင်ငံတကာအဖွဲအစည်းများအနေဖြင့် အကူအညီးပေးကြရန် PNLA က မေတ္တာရပ်ခံသည်။

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များသည် ဆီဆိုင်မြိုနယ်အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းပြည်သူများအား အငတ်ဘေးကြုံတွေ့စေရန် ရည်ရွယ်ပြီး ဆန် ဆီ ဆား စသည့် စားသောက်ကုန်များ လူသုံးကုန်များ လယ်ယာသုံးပစ္စည်းများကို သယ်ယူခွင့် ပိတ်ထားပြီး ငွေကျပ် ၅၀၀(ကျပ်ငါးရာ) နှင့်အထက် တန်ဖိုးရှိ ပစ္စည်းကို သယ်ယူပါက စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က သိမ်းဆည်းလျက်ရှိကြောင်း သိရှိရသည်။

ဆီဆိုင်မြိုမှ ဒေသခံ ၃ ဦးကို PDF တပ်ဖွဲဝင်များဟု စွပ်စွဲကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲက ဖမ်းဆီးခဲ့ပြီး ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း၊ ကျန် ၁ ဦးမှာ ပစ်သတ်သူ PNO ပြည်သူ့စစ် စံမြနှင့် ယောက်ဖတော်စပ်သူဖြစ်သောကြောင့် ငွေးငါးသိန်းဖြင့် ပြန်လည်ရွေးခိုင်းကာ PNO ပြည်သူ့စစ်တပ်သားသစ်အဖြစ် အဓမ္မဆုဆောင်းခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လအတွင်း ငွေ ၁၀ သိန်းမထည့်နိုင်လျှင် စစ်ကောင်စီအတွက် တပ်သားသစ်အဖြစ် စုဆောင်းမည်ဟု PNO ပြည်သူ့စစ်က ခြိမ်း ခြောက်ခြင်းကြောင့် ကျေးရွာမှ ထွက်ပြေးလာသည့် အသက်မပြည့်သေးသူ အသက် ၁၄ နှစ် နှင့် အသက် ၁၅ နှစ်အရွယ် ကလေးငယ် ၃ ဦးကိုလည်း PNLA က ကယ်တင်ခဲ့ကြောင်း၊ ထိုကလေးငယ် ၃ ဦးသည်လည်း မိဘများနှင့် အဆက်အသွယ်ပြန်ရပြီးနောက် မိဘများက ပြန်လည်ခေါ်ယူရန်စေလွှတ်သည့် ဆွေမျိုးများထံ PNLA က ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *