ကရင်နီပြည်အတွင်း မြို့နယ်ရဲဌာနမှူးရုံး၊ရဲစခန်းနှင့် ရဲကင်း ၂၇ ခုတိုးချဲ့ဖွဲ့စည်းထားဟု ပြည်ရဲဌာန KSP အသိပေး
ကရင်နီပြည်အတွင်း မြို့နယ်ရဲဌာနမှူးရုံး၊ရဲစခန်းနှင့် ရဲကင်း ၂၇ ခုကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကြောင်း ကရင်နီပြည်ရဲဌာန KSP က ယနေ့ ထုတ်ပြန်သည်။
ယနေ့(သြဂုတ် ၂၅ ရက်)တွင် ဖွဲ့စည်းခြင်းသုံးနှစ်ပြည့်အစီရင်ခံစာထုတ်ပြန်ရာတွင် အသိပေးထုန်ပြန်လာခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ကစ၍ CDM ရဲများ နှင့် အဖွဲ့ဝင်သစ်များပါဝင်သော ကရင်နီပြည်ရဲဌာနအနေဖြင့် ဖွဲ့စည်းကာ စိုးမိုးနယ်မြေများတွင် ရဲစခန်းရှစ်ခု ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။
ယခု ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရဲစခန်းခြောက်ခု ၊လုံခြုံရေးရဲကင်း ၁၆ ခုနှင့်မြို့နယ်ရဲဌာနမှူးရုံး ၅ခုကို တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။
“ရဲစခန်းပေါင်း ၁၄ ခုရှိသွားပါပြီ။အမှုအများစုကတော့ ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ဖမ်းဆီးပါတယ်။တချို့ အမှုတွေကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပါတယ်”ဟု KSP တာဝန်ရှိသူကပြောသည်။
ရဲလုပ်ငန်းအားစိတ်ဝင်စားသည့် လူငယ်များကို စိစစ်ရွေးချယ်ပြီး အခြေခံရဲသင်တန်းကို အမှတ်စဥ်(၁)မှ (၈)အထိ ၊ရဲအရာရှိသင်တန်း အမှတ်(၁)ကို အောင်မြင်စွာဖွင့်နိုင်ခဲ့ကြောင်း အသိပေးသည်။
ကရင်နီပြည်ရဲဌာနတွင် အဖွဲ့ဝင်အင်အား အမျိုးသား ၅၅၈ ဦးနှင့် အမျိုးသမီး ၁၈၀ဦးဖြင့် တရားဥပဒေစိုးမိုးရေး၊ပြည်သူ့ဝန်ဆောင်မှု နှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း အစီရင်ခံစာကဆိုသည်။
စစ်ကောင်စီနှင့်သက်ဆိုင်သည့် အမှု၊လူသတ်မှု၊မုဒိမ်းမှု၊ခိုးမှု၊မူးယစ်ဆေးဝါးမှု၊မူးရစ်ရမ်းကားမှု ၊အိမ်တွင်းအကြမ်းဖက်မှုစသည့် အမှုများနှင့်ပတ်သက်ပြီး သုံးနှစ်တာကာလအတွင်း အမှုပေါင်း ၅၂၀ ခု အရေးယူခဲ့ကြောင်း KSP က ဖော်ပြသည်။
ဖရူဆိုမြို့နယ်၊မိုဆိုကျေးရွာအနီး စစ်ကောင်စီ၏ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခဲ့သည်အမှု၊ပင်လောင်းမြို့နယ် နမ်းနိန်ကျေးရွာဘုန်ကြီးကျောင်း၌ သံဃာများနှင့် ဒေသခံများ ကို သတ်ဖြတ်မှု နှင့် စာသင်ကျောင်းများကို လေကြောင်းမှ ဗုံးကြဲမှုကြောင့် ကလေးငယ်များသေဆုံးရသည်ကို သက်သေအချက် အလက်များစုဆောင်းနိုင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့်ချိတ်ဆက်ကာ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် မီဒီယာများထံသို့ ချပြနိုင်ခဲ့ကြောင်းလည်း အသိပေးသည်။
နယ်မြေဒေသအကျယ်အဝန်းအရ ပြည်သူလူထုအားရဲဝန်ဆောင်မှု ပိုမိုပေးနိုင်ရန် အဖွဲ့ဝင်သစ်များလိုအပ်ချက် နှင့် လက်နက်ခဲယမ်းနည်းပါးမှု၊ရဲဝတ်တန်ဆာ၊နယ်မြေစိုးမိုးရေးအတွက် ယာဥ် လိုအပ်မှုများ အပါအဝင် တော်လှန်ရေးကာလ ဖြစ်သည့်အတွက် နယ်မြေစိုးမိုးမှုမရှိသောဒေသများတွင် ဖြစ်ပွာသည့် ရာဇဝတ်မှုများ၊စစ်ရာဇဝတ်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သတ်၍ သတင်းအချက်အလက်ရယူခြင်း သက်သေစုဆောင်းခြင်းနှင့် အခြားရဲလုပ်ငန်းများ လုပ်ကိုင်ရန်အခက်အခဲမှာ KSP ၏ စိန်ခေါ်မှုများဖြစ် သည်။
အာဏာရှင်စနစ်ကိုဆန့်ကျင်၍ ဖက်ဒရယ်စနစ်ကိုအခြေခံကာ လူထုကိုဗဟိုပြုပြီး ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုအောက်၌ တရားဥပဒေစိုးမိုးရေး၊လုံခြုံရေး၊ဝန်ဆောင်မှုများပေးရာတွင် ရေးဆွဲပြဌာန်းထားသည် ဥပဒေ၊နည်းဥပဒေများအပြင် ကမ္ဘာ့ ကုလသမဂ္ဂက၏အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို လိုက်နာဆောင်ရွက် မည်ဟု KSP က ကတိပြုသည်။
(မူးယစ်ဆေးဝါးနှင့် မူခင်းကြိုတင်ကာကွယ်ရေးအတွက် KSP တပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်။ ဓာတ်ပုံ – ကရင်နီပြည်ရဲဌာန)
စွမ်းရည်ပြည့်ဝတဲ့ရဲတွေကို မွေးထုတ်ပေးနိုင်ဖို့ ကရင်နီပြည်ရဲဌာနက ရဲသိပ္ပံကျောင်းဖွင့်လှစ်ဖို့ရှိ
ကရင်နီပြည်နယ်မှာ စွမ်းရည်ပြည့်ဝတဲ့ ကရင်နီပြည်ရဲတွေ မွေးထုတ်ပေးနိုင်ဖို့ ရဲသိပ္ပံကျောင်းတည်ထောင်ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ကရင်နီပြည်ရဲဌာန (KSP) ရဲ့ ၃ နှစ်ပြည့်တဲ့ ဒီနေ့ (သြဂုတ် ၂၅ ရက်) မှာ ကရင်နီပြည် ဒုတိယရဲချုပ်-၂ ကိုဘိုဘိုကပြောပါတယ်။
ကရင်နီပြည်ရဲဌာန (KSP) ကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၃ နှစ်တာကာလအတွင်းမှာ ကရင်နီပြည်ရဲ့ တရားဥပဒေစိုးမိုးရေးကို တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
“ကရင်နီပြည်ရဲဌာနရဲ့ ဖွဲ့စည်းခြင်း ၃ နှစ်ပြည့်ပြီးနောက်ပိုင်းမှာ KSP အနေနဲ့ ပထမဆုံး စွမ်းရည်ပြည့်ဝတဲ့ ကရင်နီပြည်ရဲတွေ မွေးထုတ်ပေးနိုင်ဖို့ ရဲသိပ္ပံကျောင်းကို တည်ထောင်ဖွင့်လှစ်သွားဖို့ရှိပါတယ်။ ဒုတိယကတော့ ကရင်နီပြည်နယ်အနှံ့မှာ ကရင်နီပြည်ရဲစခန်းနဲ့ ရုံးတွေတိုးချဲ့ဖွဲ့စည်းပြီး တရားဥပဒေစိုးမိုးရေးကို တိုးချဲ့လုပ်ဆောင်သွားပါမယ်။” လို့ ဒုတိယရဲချုပ်-၂ ကိုဘိုဘိုက ပြောပါတယ်။
ရဲသိပ္ပံကျောင်းမှာ ဥပဒေဘာသာရပ်တွေ၊ Democratic Policing နဲ့ ဆိုင်တဲ့ ဘာသာရပ်တွေ၊ လူ့အခွင့်အရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေး ဆိုင်တဲ့ ဘာသာရပ်မျိုးတွေနဲ့ အခြားလူထုအခြေပြုရဲလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကို သင်ကြားပေးသွားဖို့ ရွယ်ထားတယ်လို့ သိရပါတယ်။
“ရဲသိပ္ပံကျောင်းကို ၂၀၂၅ ခုနှစ်ထဲမှာ ဖွင့်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ရဲဥပဒေ၊ နည်းဥပဒေနဲ့ လမ်းညွှန်ချက်တွေကိုလည်း ပိုမိုပြည်စုံပြီး ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်မွမ်းမံခြင်းမျိုးတွေ လုပ်ဆောင်သွားဖို့ရှိပါတယ်။” လို့ သူကဆက်ပြောပါတယ်။
ရဲတပ်သားတွေရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ တရားတဲ့ ဥပဒေစိုးမိုးရေးက သာမန်အခြေအနေ၊ ငြိမ်းချမ်းတဲ့အခြေအနေမှာဆိုရင်လည်း လွယ်ကူတဲ့ကိစ္စမဟုတ်တဲ့အတွက် အခုလိုတော်လှန်ရေးကာလမှာကတော့ ပိုခက်ခဲပြီး စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်လို့ ကိုဘိုဘိုက ပြောပါတယ်။
ဒါ့အပြင် အခုလို ၃ နှစ်ပြည့်မြောက်တဲ့အထိ ရပ်တည်နိုင်အောင် ပူးပေါင်းပါဝင်ကူညီပေးကြတဲ့ ပြည်သူလူထုတွေကို ကျေးဇူးတင်ကြောင်းနဲ့ နောက်နောင်မှာလည်း လူထုအခြေပြုရဲလုပ်ငန်းနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ပြည်သူလူထုတွေက ထပ်မံကူညီပေးကြမယ်လို့ယုံကြည်တယ်လို့လည်း သူကဖြည့်စွက်ပြောထားပါတယ်။
Leave a Reply