စစ်အာဏာသိမ်းကာလ ရာထူးတိုးလာသည့် “ဒွေး” မောင်နှမ

စစ်တပ်က အာဏာာသိမ်းပြီးနောက် နောက်တဆင့် ရာထူးတိုးပေးခြင်းခံရသည့် မောင်နှမ နှစ်ယောက်ရှိသည်။ သူတို့နှစ်ဦးမှာ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့သည် မောင်နှမ အရင်းများ ဖြစ်ကြသည်။

စစ်တပ် အာဏာမသိမ်းခင်က ဒေါက်တာ စုစုဒွေးသည် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် စစ်တပ်က အာဏာသိမ်းပြီး တနှစ်ခန့်အကြာတွင် ဆေးရုံအုပ်ကြီးရာထူးထက် အဆင့်မြင့်သော ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးဌာနတွင် ညွှန်ကြားရေးမှူးချုပ်ရာထူး တိုးပေးခဲ့သည်။

ဒေါက်တာ စုစုဒွေးသည် ကျန်းမာရေးဝန်ကြီးဌာနတွင် အသက်ပြည့်၍ ပင်စင်ယူရသည့်အရွယ် ရောက်လာပါက ကျန်းမာရေးဝန်ကြီးဌာနတွင် ဝန်ကြီး သို့မဟုတ် ဒုဝန်ကြီး ဖြစ်လာမည့်သူဟုလည်း ထင်ကြေးပေးခံထားရသူ ဖြစ်သည်။

အလားတူ ဒေါက်တာ စုစုဒွေး၏ အကိုဖြစ်သူ ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီးရာထူး တိုးပေးခဲ့သည်။ အာဏာမသိမ်းခင်အထိ စစ်ဥပဒေချုပ် တာဝန်ယူခဲ့သော ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အတွင်းရေးမှူးတာဝန် ပေးခံရပြီး မကြာသေးခင်က နောက်တဆင့် ရာထူးတိုးပေးခြင်းခံရသည်။

အရန်အင်အား ရောက်နေသော ဒု ဗိုလ်ချုပ်ကြီးတဦးအား နောက်တဆင့် ရာထူးတိုးပေးခြင်းမျိုး မြန်မာစစ်တပ်တွင် အရင်က တကြိမ်တခါမှ မရှိခဲ့ပေ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အထူးယုံကြည်ရသူ၊ အားကိုးရသူဖြစ်၍သာ ယခုလို စစ်တပ်၏ လုပ်ထုံးလုပ်နည်းနှင့် အစဉ်အလာကို ချိုးဖောက်၍ ရာထူးတိုးပေးခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်တက္ကသိုလ် (DSA) ကျောင်းအုပ်တာဝန် ထမ်းဆောင်စဉ်က ဗိုလ်ချုပ် အောင်လင်းဒွေးလည်း DSA တွင် တာဝန်ထမ်းဆောင်ရင်း ဆုံခဲ့ကြသည်။ ထို့နောက် ဗိုလ်ချုပ် အောင်လင်းဒွေးသည် မှတ်တမ်းဌာနသို့ ပြောင်းရွှေ့သွားခဲ့သည်။

စစ်တပ်တွင် နောက်တဆင့် ရာထူးတိုးရန် အခွင့်အလမ်း မရှိတော့သည့်သူများအား မှတ်တမ်းဌာနသို့ ပြောင်းရွှေ့ပေးလေ့ရှိသည်။ စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်း အောင်လင်းဒွေးသည် အရာရှိငယ်ဘဝတွင် စစ်ရေးစစ်ရာနှင့်ပတ်သက်၍ ထူးချွန်မှု မရှိသည့်အတွက် ဗိုလ်မှူးကြီးအဆင့်နှင့် ဂိတ်ဆုံးမည့် တပ်မတော် မှတ်တမ်းဌာနသို့ ရောက်ရှိသွားခဲ့သည်။

သို့သော် အောင်လင်းဒွေး၏ ဆရာဖြစ်သော ဗိုလ်ချုပ် မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာသောအခါ သူခိုင်းတိုင်းလုပ်သည့် မှတ်တမ်းဌာနမှ ဗိုလ်မှူးကြီး အောင်လင်းဒွေးအား အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူးအဖြစ် ခန့်အပ်လိုက်သည်။ ထို့မှတဆင့် ၂၀၁၅ ခုနှစ်တွင် ဗိုလ်ချုပ် အောင်လင်းဒွေးသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာခဲ့သည်။

ထို့နောက် ဒု ဗိုလ်ချုပ်ကြီးအဆင့်တိုးကာ စစ်ဥပဒေချုပ် ဖြစ်လာခဲ့သည်။ ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး စစ်ဥပဒေချုပ်ဖြစ်သည့်အချိန်တွင် လာဘ်စားမှုဖြင့် နာမည်ကြီးသည်။ စစ်တပ်နှင့် ပတ်သက်သော တရားစွဲဆိုခံရသည် အမှုများတွင် စစ်ဥပဒေချုပ်၏အမိန့်သည် အဆုံးအဖြတ် ဖြစ်သည်။ ပြစ်ဒဏ်ကင်းလွတ်ရေး၊ ပြစ်ဒဏ်လျှော့ပေးရေးတို့တွင် စစ်ဥပဒေချုပ်၏ ညွှန်ကြားချက်သည် အဓိကဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကို စစ်ကောင်စီ အတွင်းရေးမှူးအဖြစ် ခန့်အပ်လိုက်ပြီး သုံးနှစ်ကျော်အကြာတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီးအဆင့် တိုးပေးလိုက်သည်။

အောင်လင်းဒွေးတွင် ထူးခြားသည့် အရည်အချင်း မရှိပေ။ သို့သော် ဂျင်းထည့် (မဟုတ်မမှန်ဘဲ ယုံအောင် ပြော) ရာတွင် အထူး ကျွမ်းကျင်သည့်အတွက် သူအား ဆိုက်ဝါးဆရာကြီးဟု စစ်ဗိုလ်ချုပ်အချို့က ကွယ်ရာတွင် ပြောဆိုကြသည်။

ထို့ပြင် မင်းအောင်လှိုင် ခိုင်းသမျှ တသဝေမတိမ်း လုပ်ဆောင်ပေးသည့် လူယုံတဦးသာ ဖြစ်သည်။ ထို့ကြောင့်လည်း စစ်ခေါင်းဆောင်က သူ့အား ရာထူးအဆင့်ဆင့် တိုးပေးခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်၏ ယုံကြည်မှုကို ရရှိထားသော အောင်လင်းဒွေးသည် စီးပွားရေး သောင်းကျန်းသူတဦးလည်း ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် သူ့မိသားစုဝင်များက ကုမ္ပဏီများ ထူထောင်ကာ စီးပွားရေးလုပ်ငန်းထဲ ဝင်ရောက်လာခဲ့သည်။

ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတွင် သားသမီး သုံးယောက်ရှိသည်။ ရွှေရည်ဖြိုးပြည့် ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ရွှေရည်ဖူးအောင်၊ မင်္ဂလာအောင်မြေ ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် လှိုင်ဘွားအောင်၊ အောင်မြင့်မိုရ်လင်း ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဖြိုးအာကာအောင်တို့ ဖြစ်သည်။ မင်္ဂလာအောင်မြေ ဆောက်လုပ်ရေးကုမ္ပဏီတွင် အောင်လင်းဒွေး၏ ဇနီးဖြစ်သူ ဒေါ်ဥမ္မာမြင့်ကလည်း ဒါရိုက်တာအဖွဲ့ဝင် ဖြစ်သည်။

ထိုကုမ္ပဏီသုံးခုတွင် ဆောက်လုပ်ရေး ကုမ္ပဏီနှစ်ခုမှာ နေပြည်တော် သိုက်ချောင်းလမ်းဆုံမှ ပုပ္ဗသီရိမြို့နယ်ရှိ ဆေးရုံအထိ လမ်းတည်ဆောက်ရေး၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုံးတက်ရုံးဆင်းလုပ်သည့် စစ်ရုံးချုပ်နှင့် ချိတ်ဆက်နေသော လမ်းတံတား အဆင့်မြှင့်တင်ရေးစီမံကိန်းတို့ကို ရရှိထားကြောင်း Myanmar Now သတင်းဌာနတွင် ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အဆိုပါကုမ္ပဏီများသည် ဆောက်လုပ်ရေးတင်ဒါ၊ ပညာရေးဝန်ကြီးဌာနမှ တင်ဒါများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကျိုးအမြတ်များသော တင်ဒါများကို ဝင်ရောက်လုပ်ကိုင်လာခဲ့သည်။ ထို့ပြင် ယခုနောက်ပိုင်း ကျန်းမာရေးဝန်ကြီးဌာနနှင့်ဆိုင်သော ပစ္စည်းများတင်သွင်းခြင်း လုပ်ငန်းများတွင်လည်း လုပ်ကိုင်လာသည်။

စစ်ခေါင်းဆောင်၏ လူယုံဖြစ်သော ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး မိသားစုသည်လည်း စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ခရိုနီသူဌေးပေါက်စများ ဖြစ်လာခဲ့သည်။

အလားတူ အောင်လင်းဒွေး၏ နှမဖြစ်သူ ကျန်းမာရေးဝန်ကြီးဌာနတွင် ညွှန်ချုပ်ဖြစ်လာပြီး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးမှာလည်း ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။ သူတို့အတွက် ရာထူးကြီးလေ၊ လုပ်ပိုင်ခွင့်များလေ၊ ကြီးပွားချမ်းသာလေ ဖြစ်လာနေကြတော့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *