ရေစကြိုနယ် မအူရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်၊ အမြစ်ဖြတ် ဖျက်ဆီးရှင်းလင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ် မအူရွာ ရဲစခန်းကို ဒီမနက်ပိုင်း စီးနင်းတိုက်ခိုက်ရာ စခန်းသိမ်းနိုင်သလို လက်နက် ခဲယမ်းတချို့လည်း သိမ်းဆည်း ရရှိပြီး စခန်းကို မီးရှို့ဖျက်ဆီး ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် – (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လ(၂၄)ရက် ဒီမနက်(၂)နာရီမှာ မအူရွာ ရဲစခန်းကို ရေစကြို ပ.က.ဖ၊ Salingyi Special Task Force (SSTF) ၊ မြိုင်(ပ.က.ဖ) ၊ နွေဦးစစ်သည် ရေလယ်ကျွန်းဒေသ စစ်ကြောင်း တို့က ပိတ်ဆို့တိုက်ခိုက်ရာ နှစ်နာရီကြာ တိုက်ပွဲ ဖြစ်ပြီးနောက် စခန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

“မအူစခန်းအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသည်။ နှစ်နာရီကျော်ကြာ ပစ်ခတ် တိုက်ခိုက်ပြီးနောက်တွင် မအူ နယ်မြေရဲစခန်းအား အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါသည်” လို့ ရေစကြို ပကဖ က ဖော်ပြပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ဂျမ်ဘာ (Jammer) စက်ကြီးတစ်လုံး၊ (M-9) တစ်လက်နဲ့ ခဲယမ်း၊ ကျည်တွေ သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်တွေ အထိအခိုက် မရှိဘဲ စခန်းကိုလည်း မီးရှို့ဖျက်ဆီး ရှင်းလင်းခဲ့တယ်လို့ ရေစကြို ပကဖ က ထုတ်ပြန်ပါတယ်။

“ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အနေဖြင့် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး ယနေ့ နေ့လည်ပိုင်း အချိန်းတွင် စခန်းအား အပြီးသတ် ဖျက်ဆီး နိုင်ခဲ့ပါသည်။ ယနေ့ စစ်ရေး ဖော်ဆောင်မှုအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပ.က.ဖ) နှင့်အတူ ပခုက္ကူခရိုင် အမှတ်(၉)တပ်ရင်းတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်” လို့ ရေစကြို ပကဖက ဆိုပါတယ်။

မအူရဲစခန်းကို တော်လှန်ရေးတပ်တွေက မကြာခဏ တိုက်ခိုက်နေတာ ဖြစ်ပြီး ယခုတစ်ကြိမ်မှာတော့ စခန်းကို သိမ်းပိုက်ကာ အမြတ်ဖြတ် ရှင်းလင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

ရေစကြိုနယ် မအူရဲစခန်းကို တိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီးစဉ်/Photo – ရေစကြို ပကဖ


Comments

Leave a Reply

Your email address will not be published. Required fields are marked *