စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးနေ၍ ပြည်သူများ ရရာလက်နက်များဖြင့် ခုခံ ထွက်ပြေးနေရ

အုတ်ဖိုမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်တပ်က ကြံဖွတ်ပါတီဝင်များပါ မကျန် စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးနေ၍ ပြည်သူများ ရရာလက်နက်များဖြင့် ခုခံ ထွက်ပြေးနေရ

ပြည်သူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့ပေါ်နှင့် ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်က ကြံဖွတ်ပါတီဝင်များပါ မကျန် စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးနေ၍ ပြည်သူများ ရရာလက်နက်များဖြင့် ခုခံ ထွက်ပြေးနေရပြီး ပြည်သူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

ဩဂုတ်လ ၂၂ ရက်နေ့မှ၍ အကြမ်းဖက် စစ်တပ်က အုတ်ဖိုမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်မှုထမ်းရန် ပြည်သူများကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး ကျေးရွာများတွင် နေထိုင်သော ပြည်သူများက ဂျင်ဂလိ၊ လေးခွများဖြင့် ပြန်လည် ခုခံပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သြဂုတ်လ ၂၂ ရက်နေ့တွင် အုတ်ဖို ဘူတာတွင် ရထားပေါ်မှ ဆင်းလာသူ ၅ ဦး၊ လယ်ဦးစုရွာမှ ၁ ဦး ၊ အုတ်ဖိုမြို့ထဲက ကုန်ထမ်းနေသူ ၂ ဦး၊ အာရုံစျေး လာဝယ်သူ ၁ ဦးနှင့် သြဂုတ် ၂၃ ရက်နေ့တွင် ဥတိုရွာလမ်းဘေးမြတ်ရိတ်နေသူ ၁ ဦး၊ သစ်ဆိမ့်ကုန်းမှ ချဲရောင်းသူ ၁ ဦး၊ လျှပ်စစ်ရပ်ကွက်မှ ၃ ဦး၊ စပါးတင်သည့် ကားသမား ၂ ဦး၊ ဥတိုရွာမှ ၁ ဦး၊ ကျွန်းကုန်းရွာမှ ငါးမျှားနေသူ ၁ ဦး၊ သစ်ဆိမ့်ကုန်း ထော်လာဂျီ မောင်းသမား ၁ ဦး၊ အေးမြသာယာ အထည်ချုပ် လူကြိုပို့လုပ်နေသည့် သုံးဘီးသမား ၁ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

“ဇီးကုန်းနဲ့ အုတ်ဖိုမှာက သာမန်ပြည်သူတွေအပြင် စစ်တပ် ထောက်ခံသူတွေနဲ့ ကြံဖွတ်ပါတီဝင်တွေကိုပါ စစ်တပ်က ပေါ်တာဆွဲနေလို့ အကုန်တိမ်းရှောင်နေကြရတယ်။ အုတ်ဖိုက စစ်တပ်ထောက်ခံတဲ့ စစ်မှုထမ်းဟောင်းရဲ့သား ပေါ်တာဆွဲရတာ သူ့သားကိုပြန်လွှတ်ပေးစေချင်ရင် ထွေအုပ်မှာ ကင်းစောင့်ရမယ်ဆိုလို့သွားစောင့်ပေးတာတောင် ပြန်မလွှတ်ပေးလို့ သူ့အဖေ ပေါက်ကွဲနေတယ်။ နေ့တိုင်းကို ဝင်ဖမ်းလို့ပြေးနေရတယ်။ အခုက ငွေပေးရင်လည်း ပြန်ထုတ်မရတော့ဘူး။ အသက်ကြီးတဲ့သူသာ ငွေပေးရင်ပြန်ထုတ်ရတယ်။ မြို့ပျက်လိုဖြစ်နေပြီ အပြင်ထွက်အလုပ်လုပ်လို့လည်းမရ ပြည်သူတွေအရမ်းဒုက္ခရောက်နေကြတယ်။ ကြာရင်လူတွေငတ်ပြီးသေမယ်ထင်တယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေ အရမ်းခက်ခဲနေပြီ ရွာတွေမှာတော့ လူငယ်တွေက လေးခွ၊ ဂျင်ဂလိတွေနဲ့ လာဖမ်းတဲ့ စစ်ခွေးတွေကို ပြန်ခုခံပြီး ထွက်ပြေးနေရတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *