မန္တလေးနန်းတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာပြီးနောက် နန်းမြို့ရိုးပြိုကျ

မန္တလေးနန်းတွင်းသို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာပြီးနောက် နန်းမြို့ရိုး တနေရာပြိုကျမှုဖြစ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

ယမန်နေ့ (သြဂုတ် ၂၅ရက်)က မန္တလေးနန်းတွင်းသို့ အာဏာသိမ်းစစ်ခေါင်းဆောင်ရောက်ရှိလာပြီးနောက် ယနေ့ နံနက်ပိုင်းတွင် သဲအိတ်များတင်ထားသည့် မန္တလေးနန်းမြို့ရိုးတစ်နေရာရှိ အုတ်ရိုးတစ်ခန်းနီးပါး ပြိုကျပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ထီး ကျိုးခဲ့တဲ့ မန္တလေး၊ အခု မြို့ရိုးလည်း ကျိုးပြီး ပေါက်တယ်ဆိုတော့ မကြာခင် မန္တလေးနန်းတပ် စည်းပေါက်ပြီး အသက်ပျောက်ကြတော့မယ်။”ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

မြို့ရိုးပြိုကျခဲ့သည့်နေရာအား စစ်တပ်က ပိုက်အစိမ်းများကာ၍ ပြင်ဆင်နေသည့်အတွက် ပျက်စီးမှုအနေအထားမသိရှိရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်းက မန္တ​လေးမြို့အနီးတိုက်ပွဲများပြင်းထန်လာပြီးနောက် နန်းမြို့ရိုးပေါ်တွင် သဲအိတ်များတင်၍ ဘန်ကာများတည်ဆောက်ခဲ့ရာ ဒေသခံပြည်သူများက ဝေဖန်ခဲ့သေးသည်။

ယမန်နေ့ကပင် စစ်ခေါင်းဆောင် မန္တလေးမြို့သို့ ရောက်ရှိလာပြီး မန္တလေးနန်းမြို့ရိုး ထိန်းသိမ်းထားမှုအခြေအနေများအား စစ်ဆေးသွားပြီး နောက်တစ်ရက်တွင် မြို့ရိုးပြိုကျခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် နန်းမြို့ရိုးအနောက်ဘက် စည်ရှည်တံတား ပြန်လည်တည်ဆောက်နေမှုကိုပါ ကြည့်ရှုသွားခဲ့သည်။

မန္တလေးနန်းမြို့ရိုးသည် စတုရန်းလေးမျက်နှာ၊ တာပေါင်း ၂၄ဝဝ ရှိပြီး မြို့ရိုးတစ်လျှောက်တွင် တံခါးကြီး ၁၂ ပေါက်၊ ထောင့်ပြကြီး ၄ လုံးနှင့် ပြငယ် ၃၂ ခုရှိသည့် အားလျော်စွာ ၄၈ ဌာနတို့၌ ပြာသာဒ် ဆောင်ပေါင်း ၄၈ ဆောင်ရှိသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ယမန်နေ့က မန္တလေးမြို့တော်ခန်းမ၌ ခရိုင်အဆင့် Non CDM ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်သူများအား အဓမ္မစစ်သင်တန်းတက် ခိုင်းမည့် ပြည်သူ့လုံခြုံရေးစနစ်အကောင်အထည်ဖော်မည့်ကိစ္စကိုပါ ပြောသွားခဲ့သည်။ ထို့အပြင် ၎င်းပြောဆိုနေကျ ရွေးကောက်ပွဲမဲလိမ်သည့်ကိစ္စကိုပါ ထပ်ခါထပ်ခါစွပ်စွဲသွားသည်။

(နန်းမြို့ရိုးပြိုကျခဲ့သည့်နေရာအား ပြင်ဆင်နေစဥ်။ဓာတ်ပုံ – CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *