သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်

သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်မှူး ဖြိုးမောင်မောင် အပါအဝင် ရေတပ်သားအများအပြား သေဆုံး၊ AA၏ ပစ်ခတ်မှုကြောင့် ရေတပ်ရေယာဉ်များ ထိခိုက်ပျက်စီး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ မောင်ရွှေလေးရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်မှူး ဖြိုးမောင်မောင် အပါအဝင် ရေတပ်သားအများအပြား သေဆုံးသွားကြောင်း ရေတပ်သတင်းရင်းမြစ်ကပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် သံတွဲမြို့နယ်၊ မောင်ရွှေလေး ရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ သပြုချိုင်ရှိ ရေတပ်သင်္ဘောများလည်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီး ပစ္စည်းတင်သည့် သင်္ဘောတစ်စီးလည်း ပျက်စီးသွားကြောင်းသိရသည်။

“မနေ့က သံတွဲ၊မောင်ရွှေလေးရေတပ်စခန်း အတိုက်ခံရတယ်။ ရေတပ်က အတော် သေဆုံးမှုများတယ်။ တပ်မှူးဖြစ်တဲ့ ဗိုလ်မှူးဖြိုးမောင်မောင်လည်း သေ ဆုံးပါတယ်။ ဗိုလ်မှူးဖြိုးမောင်မောင်က DSA အပတ်စဉ် ၄၆ ကျောင်းဆင်းပါ။ ကျန်ရစ်သူ မိသားစုက စင်ကာပူသံရုံးနားမှာရှိတဲ့ ဘုရင့်နောင်ရေတပ်ရိပ်သာမှာနေတယ်၊ အခုမိသားစုကို ဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ခိုင်းဘူး။ ဘယ်သူမှလည်းလာတွေ့ခွင့်မရှိဘူး။ ဗိုလ်မှူးဖြိုးမောင်မောင်မှာ ကလေး ၂ ယောက်ကျန်ခဲ့တယ်၊၁၀နှစ် ၁ယောက်၊ ၁နှစ်ခွဲ၁ယောက်” ဟု ရေတပ်သတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် AA ၏ တိုက်ခိုက်မှုကြောင့်သပြုချိုင်ရေတပ်စခန်းတွင် ရှိနေသည့် ရေတပ်သင်္ဘောများ ထိခိုက်ပစ္စည်းမှုရှိပြီး ပစ္စည်းသယ်ယူသည့် သင်္ဘောတစ်စီးလည်း ထိခိုက်သွားကြောင်း၊ ရေတပ်တွင် ကျည်ဆန်ခဲယမ်းမလုံလောက်သည့် ပြဿနာကြုံတွေ့နေရကြောင်း ရေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

“သပြုချိုင် မှာရှိနေတဲ့ ရေတပ်ရေယာဉ်တွေလည်း အပစ်ခံရပြီးတော့ ထိတယ်။ ရေတပ်ကကျည်တွေမလောက်တာဖြစ်နေတယ်။ ပစ္စည်းတင်တဲ့သင်္ဘောတစ်စီးလည်း ထိခိုက်ထားတယ်။ ရေတပ်မိသားစုတွေအကုန်ထိတ်လန့်နေကြပြီ၊ဗိုလ်တထောင်သံလျက်စွန်းရေတပ်နဲ့ ဘုရင့်ရိပ် သာကသူတွေက ရခိုင်ရောက်နေတာဆိုတော့ အထိများတယ်၊ မောင်ရွှေလေးရေတပ်က သူတွေ မောင်းတောကိုပို့ထားတာ အကုန်လုံးနီးပါးသေတယ်၊ရတဲ့အလောင်းတွေစစ်တွေမှာယူပြီးပြန်သင်္ဂြိုလ်တယ်၊မောင်ရွှေလေးက အင်အားမရှိဘူး၊ပင်လယ်ထဲကျောက်ချနေတဲ့ရေတပ်သ င်္ဘောကပစ်ကူပေးတယ်။ ကင်းဝိုင်း၊သပြုချိုင်၊ မောင်ရွှေလေးက ရေတပ်နယ်မြေတွေဖြစ်ပါတယ်” ဟုရေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- AA ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စစ်ကောင်စီတပ်၏ စစ်သင်္ဘောတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *