မင်းအောင်လှိုင် က အစည်းအဝေးများတွင် ၎င်းတစ်ဦးတည်း ၂ နာရီနီးပါး မရပ်မနား စကားပြော

အကြမ်းဖက်မင်းအောင်လှိုင် က အစည်းအဝေးများတွင် ၎င်းတစ်ဦးတည်း ၂ နာရီနီးပါး မရပ်မနား စကားပြောပြီး ပြောခဲ့ပြီးသည်များကိုလည်း ထပ်ကာထပ်ကာ ပြောနေသဖြင့် အစည်းအဝေးများ၏ အချိန် အနည်းဆုံး ၄ နာရီကျော်ကြာမြင့်လာ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အစည်းအဝေးများအတွင်း ၎င်းတစ်ဦးတည်း ၂ နာရီနီးပါး မရပ်မနားစကားပြောပြီး ပြောခဲ့ပြီးသည်များကို ထပ်ကာထပ်ကာ ကျော့၍ ပြောဆိုနေသဖြင့် အစည်းအဝေးများမှာ သတ်မှတ်အချိန်ထက်ပို၍ ကြာမြင့်နေရကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ဘက်နှင့် အရပ်ဘက်အစည်းအဝေးများတွင် အစည်းအဝေး စတင်သည်နှင့် အဖွင့်အဖြစ် အကြမ်းဖက် စစ်ခေါင်းဆောင် စကားပြောလေ့ရှိရာတွင် အစည်းအဝေးတစ်ခုလုံးတွင် အခြားသူများ ဆွေးနွေးခွင့်နှင့် တင်ပြခွင့်အနည်းငယ်သာရရှိပြီး ၎င်းတစ်ဦးတည်းကသာ ဒိုင်ခံ ပြောဆိုကြောင်း၊ အစည်းအဝေး အပိတ်များတွင်လည်း ၎င်းတစ်ဦးတည်းကသာ တောက်လျှောက် ခရားရေလွှတ် တတွတ်တွတ် ပြောဆိုနေကြောင်း၊ ထူးခြားသည်မှာ ပြောထားပြီးသည်များကိုလည်း မကြာခဏ ထပ်၍ ထပ်၍ အကြိမ်ကြိမ် ပြောဆိုလာကြောင်း၊ ၂ နာရီသာ ကြာမြင့်ချိန် သတ်မှတ်ထားသော အစည်းအဝေးများမှာ ၄ နာရီအထိ ကြာမြင့်သွားပြီး အခြားသူများ တင်ပြခွင့်နှင့် ဆွေးနွေးခွင့် အချိန်အနည်းငယ်မျှ သာရရှိကြောင်း သိရှိရသည်။

“တပ်ဘက်ရော အရပ်ဘက်ရော အစည်းအဝေးတွေမှာ တပ်ချုပ်က အရမ်းကို စကားပြောတာ။ အာဏာသိမ်းစကထက်ပိုပြီး စကားတွေ ပြောလာတယ်။ ပြောပြီးသားတွေကို ထပ်ကာ ထပ်ကာ ပြောတယ်။ ဥပမာ- အစည်းအဝေး ၂ နာရီ ကြာချိန်သတ်မှတ်ထား တပ်ချုပ် Speech ပေးတာတင် ၂ နာရီပြည့် သွားရော။ အဖွင့်မှာ သူ ထပြောတယ်။ မရပ်မနားပဲ။ အပိတ်မှာ သူက ထပ်ပြောတယ်။ နာရီပေါင်းများစွာပဲ။ ဘယ် လိုပြောရမှန်းမသိလောက်ကို စကားတွေပြောနေတာ။ သူ့အကြောင်း၊ သူတပ်ထဲမှာ ဘယ်လို ဖြတ်သန်းတယ်။ အဲဒါတွေကလည်း မကြာခဏပဲ။ သူကြုံခဲ့ရတဲ့ အဖြစ်အပျက် ဒါတွေကိုလည်းပြောတယ်။ အစည်းအဝေးခေါင်းစဉ်နဲ့ ချော်ထွက်ပြီး သွားတာမျိုးတွေလည်းဖြစ်နေတယ်”ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ထိုသို့ အစည်းအဝေးများတွင် အချိန်ကြာမြင့်စွာ စကားပြောနေခြင်းကို တားမြစ်မည့်သူမရှိသကဲ့သို့ အစည်း အဝေး တက်ရောက်ကြသည့် အရပ်ဘက်နှင့် စစ်ဘက်တာဝန်ရှိသူများမှာလည်း မည်သို့မှ မတတ်နိုင်ဘဲ ထိုင်နားထောင်ပြီး တစ်ဦးမျက်နှာ တစ်ဦးကြည့်ခြင်း၊ စာအုပ်တွင် ဘောပင်နှင့် လိုက်မှတ်ခြင်းများဖြင့်သာ အချိန်ဖြုန်းရလေ့ရှိကြောင်း၊ မင်းအောင်လှိုင် အလွန်စကားပြောသည့် အတွက် အစည်းအဝေးများသည် ပျှမ်းမျှ အနည်းဆုံး အချိန် ၄ နာရီကျော်ကြာမြင့်လာကြောင်း သိရှိရသည်။

လက်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမူအရာ၊ အပြော အဆိုများနှင့် မျက်နှာသွင်ပြင်များကို အသေးစိတ် အချိန်ယူ လေ့လာစိစစ်ရာတွင် မင်းအောင်လှိုင်မှာ စိတ္တဇလူသတ်သမား နာဆစ်စစ် စွဲကပ်နေသူ (Fragile narcissists) အဖြစ် သက်သေခံနေကြောင်း၊ Narcissists နာဆစ်စစ် (သို့မဟုတ်) Narcissistic Personality Disorder (NPD) ဆိုသည်မှာ စိတ်ဝေဒနာရောဂါတစ်မျိုးဖြစ်ပြီး မိမိ ကိုယ်ကို ကိုယ်ရည် သွေးခြင်း၊ မိမိကသာ ကယ်တယ်ရှင်အဖြစ် ထင်မှတ်ခြင်း ၊ မိမိကသာ အရေး ကြီးသူ၊ စွမ်းဆောင်နိုင်သူ အဖြစ် ထင်မှတ်ခြင်း စသည့် စိတ်ပုံမှန် မဟုတ်တော့တဲ့ အခြေအနေခံစားနေရမှု ဝေဒနာဖြစ်ကြောင်း၊ မင်းအောင်လှိုင်မှာ Narcissists နာဆစ်စစ် စွဲကပ်နေသူဖြစ်ကြောင်း ၎င်း၏ အပြုအမူများက သက်သေခံနေကြောင်း စိတ်ကျန်းမာရေးလေ့လာသူများက ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းကတည်းက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *