ရှမ်းမြောက်တိုက်ပွဲအတွင်း သေဆုံးတဲ့ PNA ပအိုဝ်းပြည်သူ့စစ်တွေကို စစ်ကောင်စီက နာရေး လုပ်ခွင့်မပေး

ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း စစ်ကောင်စီဖက်ကနေ ပါဝင်တိုက်ခိုက်နေတဲ့ ပအိုဝ်းပြည်သူ့စစ် (PNA)အဖွဲ့ဝင်တွေ သေဆုံးတာ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ PNA နဲ့ နီးစပ်သူတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ PNA တပ်ဖွဲ့ဝင်တွေကို ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) လူကြီးပိုင်းတွေနဲ့ စစ်ကောင်စီတပ်က မိသားစုဝင်တွေကို အကြောင်းကြားပေးတာမျိုး မရှိတဲ့အပြင် သတင်းကို သိရှိတဲ့ မိသားစုဝင် တချို့ကိုလည်း အသုဘ ပြုလုပ်ခွင့်မပေးခဲ့ဘူးလို့ ဆိုပါတယ်။

“အလောင်းပြန်ရဖို့ မပြောနဲ့။ နာရေးလုပ်တာတောင်မှ လူသိလို့မရဘူး။ သေဆုံးကြောင်းတောင် Facebook ပေါ် မတင်ရဘူး။ ဘယ်သူမှ မသိလိုက်တဲ့ အသုဘပေါ့ဗျာ့” လို့ PNA လူကြီးပိုင်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ ရပ်ကွက် ၂ က ခွန်မောင်မောင်ဟာ တိုက်ပွဲအတွင်း ပြင်းထန်ဒဏ် ရခဲ့ပြီး ဆေးရုံတက်နေရပေမယ့် ဆေးကုသစရိတ် မရရှိသလို ခွန်တမောင်နဲ့ ဟိုပုံးမြို့နယ်၊ နောင်ခုံးကျေးရွာက ခွန်တဗွုတ်ဆိုသူ ၂ ဦးဟာလည်း ဇူလိုင်လ ၁၃ ရက်တိုက်ပွဲအတွင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း ကိုးကန့်တပ်မတော် (MNDAA)က ပြန်လွှတ်ပေးခဲ့သူတွေကိုတော့ PNA တပ်က ပြန်လည်ခေါ်ဆောင်ကာ ဆက်လက်တာဝန် ထမ်းဆောင်ခိုင်းနေပြီး အဲဒီထဲမှာ ဟိုပုံးမြို့နယ်၊ နောင်ခုံးကျေးရွာက ခွန်တဗွုတ်ဆိုဟာလည်း တစ်ဦးအပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။

“သူက ရွာပြန်ရောက်တာ မကြာဘူး PNO ပြည်သူ့စစ်က ကားနဲ့ပြန်လာခေါ်လို့ PNO ထဲ ပြန်သွားလိုက်ရတယ်၊ မြောက်ပိုင်းမှာ အဖမ်းခံရပြီး ပြန်လွတ်တာလို့ ကာယကံရှင်ကပြောတယ်။ ဟိုဖက်က လမ်းစရိတ်ပေးပြီး အဲ့စရိတ်နဲ့ပဲ ရွာကိုပြန်လာတာ”လို့ PNA ပြည်သူ့စစ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

လားရှိုးတိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့တဲ့ PNA တပ်ဖွဲ့ဝင်တွေဟာ တောင်ကြီးမြို့၊ မြောက်ဘက်က ကျေးရွာတွေနဲ့ ရပ်စောက်မြို့နယ်က ကျေးရွာတွေကနေ တပ်သားသစ်အဖြစ် စုဆောင်းခံရသူတွေဖြစ်ပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးရှိတယ်လို့ နီးစပ်သူတွေက ပြောတယ်။

ရှမ်းမြောက်တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ PNA တပ်ဖွဲ့ဝင် ၁၆ ဦးရဲ့ နာရေးကို မွှေတော်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းမှာ PNO လူကြီးပိုင်းတွေက စုပေါင်းပြုလုပ်ခဲ့ပြီး ၁၆ ဦးလုံးရဲ့ အချက်အလက် တိတိကျကျ သိရဖို့အတွက် မဲခေါင်သတင်းဌာနက စုံစမ်းနေဆဲ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *