တောချောင်းဦး စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂၀ ဦးခန့်သေဆုံး

မြင်းမူမြို့နယ်၊ တောချောင်းဦး စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂၀ ဦးခန့်သေဆုံး

စစ်ကူစစ်ကြောင်းများပါ ကြားဖြတ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ တောချောင်းဦး အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂၀ ဦးခန့်သေဆုံးခဲ့ပြီး စစ်ကူစစ်ကြောင်းများပါ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့များကပြောဆိုသည်။

ဩဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် တောချောင်းဦး အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၁၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိပြီး ဘန်ကာ ၂ လုံပြိုကျပြီး ဆက်သွယ်ရေး အထိုင် ၁ ခုနှင့် လိုင်းခန်း ၁ ခု ပျက်စီးခဲ့ကြောင်းသိရသည်။

ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၁၈ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဒရုန် ၂ စီးဖြင့် ဗုံသီး ၁၉ လုံး၊ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဗုံးသီး ၁၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ဗုံးသီး ၁၈ လုံး၊ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ည ၁၂ နာရီ ခန့်တွင် ဗုံးသီး ၁၆ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ဩဂုတ်လ ၂၅ ရက်နေ့တွင် ဗုံးသီး ၃၆ လုံးကျဲချပြီးနောက် မွန်းလွဲ ၁၂ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ၀င်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပြီး ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ စခန်းအတွင်းသို့ ၀င်ရောက် တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး မျက်မြင်သေဆုံးခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ပကဖ တိုက်နယ်တာ၀န်ခံ ဦးကြည် ထိမှန် ဒဏ်ရာပြင်းထန်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် လာရောက်တိုက်ခိုက်ပြီး ဗုံးသီး ၆ လုံးကျဲချကာ Rocket ဖြင့် အကြိမ် ၄၀ ခန့် ပစ်ခတ်ခဲ့သောကြောင့် တော်လှန်ရေးရဲဘော်များ စခန်းကို ပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှာ ထိခိုက်ပျက်စီးမှု များပြားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ၂၀ ဦးခန့်ရှိကြောင်း၊ တိုက်ပွဲအတွင်း ဒရုန်းဗုံးသီး စုစုပေါင်း ၁၄၂ လုံး ၊ R7၂လုံး ၊ R2 ၁ လုံး၊ ၄၀ မမ အများအပြား အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့များက ပြောဆိုသည်။

ထို့ပြင် ဩဂုတ်လ ၂၅ ရက်နေ့တွင် မုံရွာ နမခ မှာ သံပြားကာ စစ်ကား ၃ စီးဖြင့် နတ်ရေကန်ကျေးရွာကို အင်းအားပို့ဆောင်ပြီး ၂၆ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန် အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှ မြင်းမူမြို့နယ် တောချောင်းဦး အထိုင်စခန်းကို ခြေလျင် စစ်ကြောင်းထိုး၍ အင်အား ၁၀၀ ခန့် ဖြည့်တင်းခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဩဂုတ်လ ၂၆ ရက်နေ့ညနေပိုင်းတွင် မြို့နယ် ပကဖ တပ်ဖွဲ့မှ ဒရုန်းဖြင့် တောချောင်းဦး အထိုင်စခန်းကို ထပ်မံ တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၂၇ ရက်နေ့ ည ၇ နာရီခန့်တွင်လည်း မြို့နယ် ပကဖ ဦးစီးအဖွဲ့က ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်ပြီး မြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၊ မြို့နယ်ပကဖဒရုန်းတပ်ဖွဲ့၊ Black Eagle DefenceForce (MMU) ၊ Black Eagle Drone Force ၊ မြင်းမူမြို့နယ်ပလဖ ၊ စစ်ကိုင်းမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၊ စစ်ကိုင်းမြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ၊ စစ်ကိုင်းခရိုင်ရင်း (၂) ခွဲ (၁) ၊ ဖယ်ဒရယ်၀င်းဒရုန်းတပ်ဖွဲ့ (စစ်ကိုင်း) ၊ YoungWoulf ဒရုန်းတပ်ဖွဲ့ (ကျားမင်းကြီး) ၊ YoungWoulf တိုက်ခိုက်ရေးတပ်ဖွဲ့ (ကျားမင်းကြီး) ၊ WingOfKSE ၊ TGYR ၊ (ငန်းဇွန်) ၊ စစ်ကိုင်းခရိုင်ပကဖ ထုတ်လုပ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *