၃၅ နှစ်နှင့်အထက်အမျိုးသားများကို ကင်းစောင့်ခိုင်းမည့်အစီအစဉ် စစ်ကောင်စီစတင်

အသက် ၃၅ နှစ်မှ ၆၀ အတွင်း အမျိုးသားများကို အတင်းအကျပ်လုံခြုံရေးကင်းစောင့်ခိုင်းမည့် စနစ်တစ်ခုကို စစ်ကောင်စီက ကျင့်သုံးမည်ဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း ရပ်ကွက်များထဲတွင် အလှည့်ကျ ကင်းသမားများကို စတင်ရွေးချယ်တော့မည်ဖြစ်ကြောင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများထံမှ စုံစမ်းသိရှိရသည်။

‘ပြည်သူ့လုံခြုံရေးစနစ်’ ဟု စစ်ကောင်စီကအမည်ပေးထားသည့် ထိုအစီအစဉ်သည် ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါအဖွဲ့ကို စစ်ကောင်စီ၏နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဦးဆောင်ပြီး စစ်မှုထမ်းဟောင်း၊ မီးသတ်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ကြီးကြပ်ရေးအဖွဲ့တို့မှ ထိပ်တန်းစစ်ဗိုလ်ချုပ်များလည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရပ်ကွက်၊ ကျေးရွာများအလိုက်၊ လမ်းများအလိုက် လုံခြုံရေးစနစ်များ တည်ဆောက်ရမည်ဟု မန္တလေးတွင် စစ်ကောင်စီအရာရှိများကို ယမန်နေ့က (သြဂုတ်၂၅) အမိန့်ပေးခဲ့သည်ဟုလည်း စစ်ကောင်စီထုတ် သတင်းစာများက ရေးသားခဲ့သည်။

“ပြည်သူ့လုံခြုံရေးလုပ်ငန်းများနှင့် ပတ်သက်၍ Check၊ Recheck၊ Countercheck..အပြန်အပြန် အလှန်လှန် စစ်ရေးရန် လိုအပ်နေမည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာနည်းလမ်းမျိုးစုံဖြင့် ထိခိုက်ခြင်းကြောင့် ဒေသအလိုက်ထိခိုက်မှုများဖြစ်ပေါ်နေကြောင်း” ၎င်း၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် သုံးလအကြာ ၂၀၂၁ မေလ ၂၅ ရက်နေ့ကတည်းက ပြည်သူများ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဟု ပြောဆိုခဲ့ပြီး အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်မည်ဟု ကြွေးကြော်ခဲ့ဖူးသည်။

ထိုစနစ်သည် ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် ဆိုရှယ်လစ်အစိုးရနှင့် ဗိုလ်ချုပ်သန်းရွှေဦးဆောင်သည့် စစ်အစိုးရလက်ထက်များက ရပ်ကွက်များအတွင်း အရပ်သားများကို အလှည့်ကျကင်းစောင့်ခိုင်းသည့် စနစ်မျိုးဖြစ်ကြောင်း နားလည်ရသည်။

ဘယ်သူတွေကင်းစောင့်ရမလဲ

ဖေဖော်ဝါရီလအတွင်းက အသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအောက်တွင် အကျုံးမဝင်သည့် အသက် ၃၅ နှစ်နှင့်အထက် အမျိုးသားများကို အဓိကပစ်မှတ်ထားခေါ်ယူမည်ဟု စစ်ကောင်စီ၏ပြောခွင့်အရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ (မြန်မာပိုင်း) သတင်းဌာနကို ယမန်နေ့ (သြဂုတ် ၂၅) က ပြောကြားခဲ့သည်။

အသက် ၃၅ နှစ်မကျော်သေးသော်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ဆေးမအောင်သူများ၊ စစ်မှုထမ်းရန် ဆိုင်းငံ့ထားသူများကိုလည်း အလှည့်ကျကင်းစောင့်ရန် ဆင့်ခေါ်မည်ဟု ၎င်းက ဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေအတွက်ကန့်သတ်မှုမရှိ ခေါ်ယူမည်ဟု စစ်ကောင်စီအရာရှိက ဆိုပြီး ၎င်းတို့ကို “ကာကွယ်ရေးပစ္စည်းတွေ တပ်ဆင်ပေးမယ်” ဟုလည်း ဆိုသည်။

သို့သော် မည်သည့်လက်နက်များဆိုသည်ကိုတော့ စစ်ကောင်စီအရာရှိက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါ။

ဆိုရှယ်လစ်အစိုးရနှင့် စစ်အစိုးရလက်ထက်များတွင် အလှည့်ကျကင်းစောင့်ရသူများကို နံပါတ်တုတ်များ၊ ဓားနှင့် လှံများကို စစ်တပ်က ကိုင်ဆောင်ခွင့်ပြုခဲ့သည်။

ကြီးငယ်မရွေး စစ်ထဲသွင်းမည့် စစ်ကောင်စီ၏အစီအစဉ်

အာဏာသိမ်းစစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် အရွယ်ကောင်း အရပ်သားများကို သုံးနှစ်မှ ငါးနှစ်ကြာ စစ်မှုထမ်းရမည့် အစီအစဉ်ကို စတင်ခဲ့သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရန် အကျုံးဝင်ပြီး အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုခုဖြင့် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ပါက အမျိုးသား ၄၅ နှစ်အထိ၊ အမျိုးသမီး ၃၅ နှစ်အထိ အကျုံးဝင်မည် ဖြစ်သည်။

ထိုဥပဒေအောက်တွင် စစ်ကောင်စီက သင်တန်းငါးကြိမ်အထိ ဖွင့်လှစ်ထားသည်။

သင်တန်းအပတ်စဉ်တစ်ခုလျှင် လူသစ် ၅၀၀၀ ခေါ်မည်ဟု စစ်ကောင်စီက ကြေညာခဲ့ရာ အရပ်သား ၂၅၀၀၀ တပ်သားသစ်ဖြစ်လာသည်ဟု နားလည်ရသည်။

စစ်ကောင်စီ၏ လူသစ်စုဆောင်းမှုကြောင့် စစ်မှုထမ်းစနစ်အောက် အကျုံးဝင်သည့် လူလတ်ပိုင်း အမျိုးသားများသည် နိုင်ငံတွင်းမှ နည်းမျိုးစုံဖြင့် ထွက်ခွာရန် ကြိုးစားနေသည်။

အခြားတစ်ဖက်တွင် စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်အပါအဝင် နေရာအနှံ့ တွင် တော်လှန်ရေးတပ်များ၏ ထိုးစစ်နှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ထောင်နှင့်ချီသော အမြဲတမ်းစစ်သားများ လက်နက်ချ အညံ့ခံလာခြင်း၊ လူသစ်စုဆောင်းမှုများ ခက်ခဲလာခြင်းတို့ကြောင့် စစ်မှုထမ်းရန် အသက်ကျော်လွန်သူများကိုလည်း စစ်တပ်အတွက် လုံခြုံရေးလုပ်ပေးရန် ညွှန်ကြားလာခြင်းဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံအလယ်ပိုင်းဒေသများတွင် အရပ်သားများကို စစ်သင်တန်းနှင့် လက်နက်များ ပေးကာ ပျူစောထီး (ခ) ပြည်သူ့စစ်များကိုလည်း ဖွဲ့စည်းထားသည်။

‘ပြည်သူ့လုံခြုံရေးစနစ်’ ဟု ခေါင်းစဉ်တပ်ပြီး ကင်းစောင့်ခိုင်းမည့်အစီအစဉ်သည် စစ်မှုထမ်းဥပဒေနှင့် ပျူစောထီး (ခ) ပြည်သူ့စစ် စနစ်ပြီးနောက် အရပ်သားများကို စစ်တပ်၏လက်ကိုင်တုတ်အဖြစ် အတင်းအကျပ် သွတ်သွင်းမည့် တတိယမြောက် အစီအစဉ်ဖြစ်လာသည်။

ထိုစနစ်သုံးခုအောက်တွင် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသားအများစုသည် စစ်တပ်၏ လူသစ်စုဆောင်းမှုကို ရှောင်လွှဲရန်ခက်ခဲလာနိုင်သည်။

ကင်းသမားစာရင်း စတင်စုဆောင်းနေသည့် အုပ်ချုပ်ရေးမှူးများ

ရပ်ကွက်အလိုက် ကင်းစောင့်ရမည့်သူ စာရင်းကို အုပ်ချုပ်ရေးမှူးများက စတင်ကောက်ခံနေပြီး စာရင်းပေါက်သူများသည် မကြာမီကင်းစောင့်ရမည်ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၃ရက်က လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်ဗိုလ်များက အစည်းအဝေးခေါ်ခဲ့ပြီး ထိုစနစ်အတွက် အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ထားရန် ပြောဆိုခဲ့ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။

“အဲအဖွဲ့ထဲဝင်ဖို့ လူနဲ့စာရင်း ကြိုလုပ်ထားတယ်ဆိုတဲ့ သဘောကို အသိပေးတာ၊ ပြည်သူ့လုံခြုံရေး ဆိုတာကတော့ ခေါင်းစဉ်တပ်ပြီး ခေါ်တာပါ” ဟု ၎င်းက ဆိုသည်။

ထိုအစည်းအဝေးတွင် လစာနှင့် လက်နက်တပ်ဆင်မည့်အကြောင်းအရာများကို ပြောဆိုခြင်းမရှိဟုလည်း ၎င်းက ဆိုသည်။

“ရပ်ကျေးမှာ ပြည်သူလုံခြုံရေး အဖွဲ့ဖွဲ့ပြီးတာနဲ့ ယာယီကင်းတဲဆောက်ရမယ်ဆိုပြီး ပြောတယ်၊ ခုတော့ ကင်းစောင့်ပေါနော်၊ နောက်ပိုင်းတော့ ရှေ့တန်းသွားရမလား၊ မသေချာပါဘူး၊ ငါတို့လည်း မသိဘူး။ လိုအပ်ချက်ရှိရင်တော့ လွှတ်ကောင်းလွှတ်နိုင်တာပဲ” ဟု နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်မှ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ပဲခူးတိုင်းနယ်နိမိတ်နှင့် ထိစပ်နေသည့် နေပြည်တော် လယ်ဝေးမြို့နယ်ရှိ ကျေးရွာ ၃၀ ထက်မနည်းသည် ယခုနှစ် ဖေဖော်ဝါရီလကတည်းက ရပ်ရွာလုံခြုံရေးခေါင်းစဉ်ဖြင့် ကင်းစောင့်သည့် စနစ်ကို ကျင့်သုံးနေသည့် မြို့နယ်ဖြစ်သည်။

လုံခြုံရေးကင်းတဲတစ်ခုတွင် ကင်းစောင့်သူ ငါးဦးထိရှိပြီး ရွာတစ်ရွာလျှင် အဝင်နှင့် အထွက်နေရာနှစ်ခု၌ ကင်းတဲနှစ်ခုစီထားရှိပြီး ယင်းကင်းတဲများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များက ကြီးကြပ် စစ်ဆေးလေ့ရှိကြောင်း လယ်ဝေးမြို့နယ်ရှိ ကြုံတွေ့နေသူတစ်ဦးက ပြောသည်။

ဇဗ္ဗူသီရိမြို့နယ်ဒေသခံတစ်ဦးကလည်း စားသုံးဆီပေးရန် (ပုံစံ ၆၆ ) အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်မိတ္တူတောင်းခံခြင်းသည် ပြည်သူလုံခြုံရေးအတွက် တစ်ဖက်လှည့်ဖြင့် စီမံတောင်းခံခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

“အဲဒါတွေတောင်းကတည်းက မရိုးဘူးလို့ တွေးမိတာ၊ ခုက သေချာသွားပြီ၊ ထမ်းဆောင်မယ့် သဘောဆန္ဒအရ ဆိုပြီး ပြောတာ ဝင်မဲ့သူမရှိရင် အိမ်ထောင်စုဇယားကြည့်ပြီး ဆွဲခေါ်မှာပဲ” ဟု ၎င်းက ဆက်ပြောသည်။

အရပ်သားများကို လက်နက်တပ်ဆင်ကာ ပြည့်သူ့လုံခြုံရေးအဖွဲ့ဖွဲ့မည့်အစီအစဉ်ကို စစ်ကောင်စီက အမြန်ဆုံးအကောင်အထည်ဖော်ရန် ကြိုးစားနေသည်ဆိုရာ ထိုအခြေအနေနှင့်ပတ်သက်ပြီး မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့တွင်လည်း ဒေသခံတချို့ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေသည်။

“ဒါ သူတို့စစ်ရှုံးနေပြီ။ သူတို့တော်လှန်ရေးတပ်ဖွဲ့တွေကို မနိုင်တော့ဘူး။ သူတို့ဆီမှာ လူအင်အား မရှိတော့ဘူးဆိုတာ ဒါကွက်ကွက်ကွင်းကွင်းမြင်နေရပြီ။ ပြည်သူအချင်းချင်း ပြန်လည်တိုက်ခိုက်ခိုင်းနေတာလို့ မြင်ပါတယ်။ အခုလက်ရှိ သူတို့အကောင်အထည်ဖော်ဖို့ကိစ္စလည်း အောင်မြင်မယ်လို့မထင်ပါဘူး။ မကြာခင်မှာပဲ တော်လှန်ရေးတပ်တွေက အောင်မြင်တော့မယ့် အနေအထားတစ်ခုကို ရောက်နေပြီ” ဟု မန္တလေးသပိတ်အင်အားစုမှ လူငယ်တစ်ဦးက ဆိုသည်။

“ကင်းစောင့်ရမယ်ဆိုတဲ့ သတင်းကြားနေရပြီ၊ အတိကျတော့ မပြောသေးဘူး၊ ရှိတဲ့ အပေါက် အကုန်ပိတ်လိုက်တာပဲ။ အထဲမှာရှိတဲ့ ဘယ်အရွယ်မှလည်း မလွတ်တော့ဘူး” ဟု ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *