မန္တလေး ကျုံးအတွင်းက သန်းရွှေ ဖျက်သိမ်းခဲ့တဲ့ စည်ရှည် တံတားကို မင်းအောင်လှိုင်က ပြန်ဆောက်

မန္တလေးမြို့၊ နန်းမြို့ရိုးအနောက်ဖက်၊ လမ်း(၈၀)နဲ့ (၁၉)လမ်းရှိ သမိုင်းဝင် စည်ရှည်တံတားကို အသစ် ပြန်တည်ဆောက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဩဂုတ်လ (၂၅) ရက်မှာ လာရောက် ကြည့်ရှု ခိုင်းစေခဲ့တယ်လို့ စစ်အုပ်စု ဝါဒဖြန့် MRTV က သတင်းဖော်ပြပါတယ်။

မန္တလေး နန်းမြို့ရိုး အနောက်ဖက် လမ်း (၈၀) နဲ့ (၁၉) လမ်းမှာ တည်ရှိတဲ့ စည်ရှင်တံတားကို ၂၀၁၀ ဒီဇင်ဘာ (၂၈) ရက်မှာ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေရဲ့ လက်အောက် ငယ်သား၊ မန္တလေး စည်ပင်ဝန်ထမ်းတွေက တစမကျန် ဖြိုချ ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ မန္တလေးမြို့ခံ သမိုင်းလေ့လာသူတွေက ပြောပါတယ်။

မန္တလေး နန်းမြို့ရိုးကို စတင် တည်ဆောက်ချိန်က ကျုံးကူးတံတား ငါးစင်း ရှိခဲ့ပြီး လက်ရှိမှာ တံတားလေးစင်းကို အသုံးပြုနေဆဲ ဖြစ်ကာ စည်ရှည်တံတားကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးထိမှန် ပျက်စီးခဲ့ရာကနေ ၂၀၁၀ မှာ သန်းရွှေရဲ့ ခိုင်းစေချက်နဲ့ အမြစ်ဖြတ် ဖျက်ဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ ဩဂုတ်လ(၂၅)ရက် မနက်ပိုင်းက မန္တလေးမြို့ နန်းတွင်းထဲကို စစ်ရဟတ်ယာဉ်နဲ့ ရောက်လာပြီး ရောက်ရောက်ချင်းမှာပဲ စည်ရှည် ကျုံးကူးတံတား ပြန်တည်ဆောက်နေတဲ့ နေရာကို သွားကြည့်ပြီး ရှေးမူမပျက် မူလပုံစံအတိုင်း ပြန်လည် တည်ဆောက်သွားဖို့ ခိုင်းစေခဲ့တယ်လို့ MRTV သတင်းမှာ ဖော်ပြပါတယ်။

မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၆) ရက်၊ ခရစ်နှစ် ၁၈၅၉ ခုနှစ်က မန္တလေး မြို့တည် နန်းတည်ရာမှာ နန်းတော်နဲ့အတူ နန်းမြို့ရိုးရဲ့ အရပ်မျက်နှာတစ်ခုစီမှာ ကျုံးကူးတံတား တစ်စင်းစီ ထည့်သွင်း တည်ဆောက်ခဲ့တာ နန်းမြို့ရိုးအနောက်ဖက်မှာတော့ တံတားနှစ်စင်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ ကျုံးမြို့ရိုးအနောက်ဘက်ခြမ်း။ လမ်း (၈၀) နဲ့ (၂၂) လမ်းထောင့်ရှိ ကြေးမုံတံတား ခေါ် အာဠဝီ တံတား ဟာ မင်းတုန်းမင်းနဲ့ သီပေါမင်းလက်ထက်က ဆွေတော်မျိုးတော်တွေနဲ့ မူးမတ်၊ သေနာပတိ၊ စစ်သူကြီး စသူတွေ သေဆုံးပါက မြို့အနောက်ဖက်ရှိ သင်္ချိုင်းကို ပို့ဆောင်သင်္ဂြိုဟ်ရာမှာ အသုံးပြုခဲ့တဲ့ “အမင်္ဂလာ” တံတားသာ ဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေက ဆိုပါတယ်။

သမိုင်းဝင် စည်ရှည်တံတားကို စစ်ခေါင်းဆောင်ဟောင်း သန်းရွှေနဲ့ အပေါင်းအပါတွေက “အမင်္ဂလာတံတား” ဖြစ်တဲ့ ကြေးမုံတံတားနဲ့ မှားယွင်းကာ ဖြိုချဖျက်ဆီးခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ဒါ့အပြင် နန်းမြို့တွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – လပခ ရဲ့ အချုပ်ထောင်နဲ့ စစ်ကြောရေးစခန်းတွေ ရှိရာ နေရာနဲ့ နီးကပ်တဲ့အတွက် စည်ရှည်တံတားကို ဖျက်ဆီးခဲ့တာ ဖြစ်မယ်လို့လည်း မြို့ခံတချို့က သုံးသပ်ပါတယ်။

မင်းအောင်လှိုင် လက်အောက်ခံ မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ မောင်ကို က ရတနာပုံ အပန်းဖြေ ဥယျာဉ် စီမံကိန်းလို့ ခေါင်းစဉ်တပ်ပြီး ကျုံးမြို့ရိုးဘေးမှာ လမ်းပေါ် အုတ်ခင်း၊ မြက်ပင်နဲ့ ပန်းပင်တချို့ စိုက်ကာ ဘတ်ဂျက်ငွေ ကျပ်သိန်း(၅၀၀၀) တောင်းယူခဲ့သလို ၂၀၂၃မှာ မင်းအောင်လှိုင် လက်အောက်ခံ တိုင်းဝန်ကြီးချုပ် အသစ် ဖြစ်လာတဲ့ မျိုးအောင် ဆိုသူကလည်း စျေးတချို့ကို ဖျက်ပြီး အသစ်ဆောက်တာ၊ အဆောက်အအုံဟောင်း တချို့ကို ပြုပြင်တာတွေ လိုက်လုပ်နေတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့၊ နန်းမြို့ရိုး အနောက်ဘက်ခြမ်းမှာ စည်ရှည် ကျုံးကူးတံတား အသစ် ပြန်လည် တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ဘတ်ဂျက်ငွေ ဘယ်လောက်သုံးမယ် ဆိုတာကိုတော့ စစ်အုပ်စုက မဖော်ပြသေးပါဘူး။

တချိန်တည်းမှာပဲ မင်းအောင်လှိုင် မန္တလေးကို ရောက်နေချိန် ပြိုလက်စ ကျုံးမြို့ရိုး ထပ်မံပြိုကျတာ၊ အမရပူရမြို့၊ တောင်သမန်အင်းထိပ်က ကျောက်တော်ကြီးဘုရား မိုးကြိုးထိမှန်ပြီး စိန်ဖူးတော် မြေခတာတွေ ဖြစ်ပွားခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *