ဒေါနတောင်မှဆုတ်ခွာလာသည့်အောင်ဇေယျစစ်ကြောင်း ထားဝယ်ရေနက်ဆိပ်ကမ်း ရောက်လာ

မြဝတီမြို့သို့အရောက်ချီတက်မည်ဟုကြွေးကြော်ကာ အထိနာပြီး ပြန်ဆုတ်ခဲ့ရသည့် အောင်​​ဇေယျစစ်ကြောင်းသည် စစ်ကောင်စီနှင့် ရုရှားဆွေးနွေးနေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း၌ လုံခြုံရေးယူရန်ရောက်ရှိလာကြောင်း သတင်းရရှိသည်။

” အောင်ဇေယျစစ်ကြောင်းကနေ တပ်ပြန်ခေါက်လာတာတွေက ထားဝယ်ဘက်ကို ရောက်လာတယ်။ ဟိုဘက်မှာ အကျများပြီး ပြန်ဆုတ်လာတာကနေ ရေး၊ထားဝယ်ဖက်ကို ရောက်လာပြီး တပ်ဖြန့်ထားတယ်။ ရုရှနဲ့ ပေါင်းကြံနေတဲ့ ရေနက်တိပ်ကမ်းစီမံကိန်းလုံခြုံရေးအတွက် လာတာလို့ ယူဆတယ်”ဟု တနင်္သာရီစစ်ဒေသမှ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် ဩဂုတ်လလယ်တွင် ထားဝယ်မြို့နယ်သို့ရောက်ရှိလာခြင်းဖြစ်ပြီး အင်အား ၃၀၀ခန့်ပါဝင်သည်ဟု တော်လှန်ရေးအင်အားစုများက ခန့်မှန်းထားသည်။

ပြီးခဲ့သည့် ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်များက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး” ဟုအမည်​ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။

လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း လေးလကျေ်ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေရာမှဇူလိုင် ၂၆ရက်တွင် တပ်ပြန်ဆုတ်သွားခဲ့ခြင်းဟု ဆိုသည်။

ကားအစီးရေ ၁၀စီးဖြင့် တစ်စီးလျှင် အင်အား ၂၀ ခန့်ဖြင့် ကျုံးဒိုးမြို့ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သတင်းရရှိခဲ့ပြီး အဆိုပါစစ်ကြောင်းသည် ယခုအခါ ထားဝယ်ရေနက်ဆိပ်စီမံကိန်းအနီး ရောက်ရှိလာခြင်းဖြစ်သည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းပါသည့် ထားဝယ်အထူးစီးပွားရေးဇုန်သည် ထားဝယ်မြို့ မြောက်ဘက် ထိုင်းပင်လယ်ကွေ့အနီး ဗျူဟာကျသည့်နေရာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းကြီး ဖြစ်သည်။

၂၀၀၈ခုနှစ်က စစ်အစိုးရနှင့် ထိုင်းအခြေစိုက်အီတာလျံထိုင်းကုမ္ပဏီတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃တွင် အဆိုပါစာချုပ်ရပ်ဆိုင်းခဲ့သည်။ ၂၀၁၅ခုနှစ်တွင် မြန်မာ၊ ထိုင်းနှင့် ဂျပန်ပူးပေါင်းဆောင်ရွက်နိုင်ရန် ထပ်မံသဘောတူခဲ့ကြပြန်သည်။ သို့သော် စီမံကိန်းစတင်ရန်ကြန့်ကြာနေခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရုရှား၏အကူအညီဖြင့် ပြန်လည်အသက်သွင်းရန် ကြိုးစားခဲ့သည်။

တန်ချိန် နှစ်သိန်းနှင့်အထက် သင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတည်ဆောက်ရန် ရုရှားနှင့် ဆွေးနွေးနေကြောင်း ပြီးခဲ့သည့် မတ်လအတွင်းက ရုရှားသတင်းဌာန ITAR-TASS ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

ထိုစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း မြန်မာနိုင်ငံရှိ ရုရှားသံတမန်များနှင့် ရုရှားနိုင်ငံမှ ပုဂ္ဂလိကုမ္ပဏီများက ဆက်သွယ်လာပြီးနောက် ဆွေးနွေးမှုများပြုလုပ်နေသည်ဟု စစ်ကောင်စီ၏ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးက Myanmar Now သတင်းဌာနသို့ ပြောထားသည်။ စာချုပ်များခိုင်မာမှုမရှိသလို နိုင်ငံရေးအခြေအနေတည်ငြိမ်မှုမရှိခြင်းကြောင့် ယင်းစီမံကိန်းကို နိုင်ငံတကာကလက်ရှောင်နေပြီး စစ်ကောင်စီကမူ ရုရှကို မျက်နှာချိုသွေးနေကြောင်း ထားဝယ်မြို့မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းအနီး ရောက်ရှိလာသည့် စစ်ရှုံးအောင်ဇေယျစစ်ကြောင်းသည် လက်ရှိတွင် စီမံကိန်းပတ်ဝန်းကျင်ရှိကျေးရွာအချို့၌ တပ်ဖြန့်နေရာယူထားသည်ဟု သိရသည်။ ဒေါနတောင်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ၌ အောင်ဇေယျစစ်ကြောင်းသည် KNLA ၊PDF ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် ဖွဲ့စည်းပုံပျက်ခဲ့ရသည်ဟု တပ်မ(၅၅)လက်​အောက်ခံ ခမရ(၁၁၂ )တပ်ရင်းမှ အလင်းဝင်တပ်သား ကိုတင်မိုးအောင်က ပြောထားသည်။

ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှ ခလရ(၉၄)ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဝင်း အပါအဝင် အရာရှိများ စစ်သားများရာနှင့်ချီ သေဆုံးဒဏ်ရာရသည်အထိ အထိနာခဲ့သည်။ တိုက်ပွဲကာလ ၃လခွဲအတွင်း အင်အား ၅၀၀ကျော်အထိ ထိခိုက်သေဆုံးခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ခန့်မှန်းထားသည်။ထိုသို့ ထိခိုက်မှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့များထံ ထွက်ပြေးအလင်းဝင်လာသူများလည်း ရှိခဲ့သည်။

တိုက်ပွဲများအတွင်း အောင်ဇေယျစစ်ကြောင်း၏ သံချပ်ကာယာဉ် တစ်စီး၊ စစ်သုံးကား နှစ်စီးအပါအဝင်လက်နက်ခဲယမ်းများ သိမ်းဆီးရမိပြီးအရာရှိများအပါအဝင်အင်အား ၁၀၀ကျော်​သေဆုံးဒဏ်ရာရရှိခဲ့​ကြောင်းကရင်အမျိုးသားအစည်း အရုံး(KNU)က ထုတ်ပြန်ထားသည်။

ထားးဝယ်ရောက် အောင်ဇေယျစစ်ကြောင်းသည် လက်ရှိတွင် စစ်ကြောင်းထိုးရန်ပြင်ဆင်သည့်အနေအထားမရှိသေးသော်လည်း မကြာမီတိုက်ပွဲများပြင်းထန်လာနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော် အချို့ကပြောသည်။

” မျက်ခြေမပြတ်စောင့်ကြည့်နေတယ်။ အခုလက်ရှိမှာတော့ ထိတွေ့တိုက်ပွဲမဖြစ်သေးဘူး”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်းသည် ပြီးခဲ့သည့်လပိုင်းကစ၍ ရှမ်းမြောက်နှင့် တပ်မဟာ(၅)နယ်မြေနှင့် ယခု ထားဝယ်သို့ ထပ်မံရောက်ရှိသွားခြင်းဖြစ်သည်။

သို့သော် လက်ရှိတွင် ဒေါနတောင်ပေါ်၌ အောင်ဇေယျစစ်ကြောင်းမှာ တပ်သားအနည်းငယ်ကျန်ရှိနေသေးသည်။

(မြဝတီမြို့သို့ချီတက်လာသော အောင်ဇေယျစစ်ကြောင်းမှ စစ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ – PS)


Comments

Leave a Reply

Your email address will not be published. Required fields are marked *