မန္တလေး တောင်သမန်ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခ

စစ်ခေါင်းဆောင်လာပြီးနောက် မန္တလေးတွင် တစ်ခုပြီးတစ်ခုဖြစ် နမိတ်ပြနေဟု မြို့ခံပြော

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းအနီးရှိ ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (သြဂုတ် ၂၇ရက်) ညနေ ၅နာရီခန့်က အမရပူရမြို့၊ တောင်သမန်အင်းအရှေ့ဘက်ကမ်း၊ ဦးပိန်တံတားအရှေ့ထိပ်ရှိ ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မိုးကြိုးပစ်သံကအကျယ်ကြီးပဲ။ လျှပ်စီးလျှပ်တာများ အိမ်အတွင်းထဲထိလင်းထိန်သွားတယ်။”ဟု အမရပူရဒေသခံတစ်ဦးက ပြောသည်။

အလားတူ မန္တလေးနန်းတွင်း၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာပြီးနောက် သြဂုတ် ၂၆ ရက် တွင် သဲအိတ်များတင်ထားသည့် မန္တလေးနန်းမြို့ရိုးတစ်နေရာရှိ အုတ်ရိုးတစ်ခန်းနီးပါး ပြိုကျပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

“အကုသိုလ်ကောင် မန္တလေးရောက်ပြီးမှ နန်းမြို့ရိုးပြိုသလို ကျောက်တော်ကြီးဘုရား မိုးကြိုးထိလို့ စိန်ဖူးတော်မြေခနဲ့ နိမိတ်တွေပြနေပြီ။”ဟု မန္တလေးဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

ကျောက်တော်ကြီးဘုရားသည် ပုဂံမင်းတရား၏ ကောင်းမှုတော်ဖြစ်၍ အမရပူရမြို့မှ တောင်ဘက် (၃)မိုင်ခန့် ကွာဝေးသော တောင်သမန် အနောက်တောင် ကျေးရွာနှစ်ရွာအကြားတွင် တည်ရှိသည်။ မဟာသကျရံသီဟူသောဘွဲ့တော်ဖြင့် ထင်ရှားသည်။

ကျောက်တော်ကြီးဘုရားတွင် အမရပူရခေတ်နံရံဆေးရေးပန်းချီလက်ရာများနှင့် နက္ခတ် တာရာ ၁၂ ရာသီခွင်ရုပ်များကိုပါ ရေးဆွဲထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် သည် ဩဂုတ် ၂၅ရက်က မန္တလေးမြို့တော်ခန်းမ၌ ခရိုင်အဆင့် Non CDM ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်သူများအား အဓမ္မစစ်သင်တန်းတက် ခိုင်းမည့် ပြည်သူ့လုံခြုံရေးစနစ်အကောင်အထည်ဖော်မည့်ကိစ္စကိုပါ ပြောသွားခဲ့သည်။ ထို့အပြင် ၎င်းပြောဆိုနေကျ ရွေးကောက်ပွဲမဲလိမ်သည့်ကိစ္စကိုပါ ထပ်ခါထပ်ခါစွပ်စွဲသွားသည်။

(ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *