နန်းမြို့ရိုးပြိုကျပြီး ဘုရားမိုးကြိုးထိမှန်၍ စိန်ဖူးတော် မြေခသည့် ဖြစ်စဉ်ကြောင့် တိုင်းအစိုးရအဖွဲ့ဆူပူပြစ်တင်ခံရ

မန္တလေးသို့ စစ်ခေါင်းဆောင်ရောက်ရှိနေခိုက် နန်းမြို့ရိုးပြိုကျပြီး ဘုရားမိုးကြိုးထိမှန်၍ စိန်ဖူးတော် မြေခသည့် ဖြစ်စဉ်ကြောင့် တိုင်းအစိုးရအဖွဲ့ဆူပူပြစ်တင်ခံရ

စစ်ခေါင်းဆောင် မန္တလေးတိုင်းအတွင်း ရောက်ရှိနေခိုက် နန်းမြို့ရိုးပြိုကျပြီး မဟာသကျရံသီ ကျောက်တော်ကြီးဘုရား မိုး ကြိုးထိမှန်ပြီး စိန်ဖူးတော်မြေခသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူးနှင့် တိုင်းအစိုးရအဖွဲ့ကို ဆူပူပြစ်တင်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့က မန္တလေးနန်းတွင်းတွင် တိုင်းအစိုးရအစည်း အဝေးတက်ရောက်ကာ နန်းမြို့ရိုး ခိုင်ခံ့မှုများကို ကြည့်ရှုစစ်ဆေးပြီး နောက်တစ်ရက် ဩဂုတ် ၂၆ ရက်နေ့တွင် နန်းမြို့ရိုးပြိုကျသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ထို့အပြင် ဩဂုတ် ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင်လည်း အမရပူရမြို့ တောင်သမန်အင်း အရှေ့ဘက်ကမ်း ဦးပိန်တံတားအရှေ့ထိပ်ရှိ ပုဂံမင်းတည်ထားသည့် မဟာသကျရံသီ ကျောက်တော် ကြီးဘုရားကို မိုးကြိုး ထိမှန်၍ စိန်ဖူးတော်မြေခခဲ့သည်။

ဗေဒင်ယတြာနှင့် နိမိတ်များအထူးယုံကြည်သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း လာရောက်ချိန်တွင် နိမိတ်မကောင်းသည့် ဖြစ်စဉ်နှစ်ခု အချိန်ကိုက်ဖြစ်ပွားခဲ့သည့်အတွက် တိုင်းအစိုးရအဖွဲ့ဝင်များကို ပြစ်တင်ဆူပူမှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

“မြို့ရိုးပြိုကျတာကတော့ သူမလာခင် ပြင်ဆင်မှုမလုပ်နိုင်လို့ အပြစ်တင်တာ လက်ခံလို့ရတယ်။ ဘုရားမိုးကြိုးပစ်တာက သဘာဝကြောင့်ဖြစ်တာ။ ဘယ်သူမှတားလို့လည်း မရသလို ပစ်ပါဆိုပြီး ခိုင်း လို့ရတာလည်း မရှိဘူးလေ။ နိမိတ်ဆိုးဆိုပြီး ပြည်သူတွေကလည်း ကျယ်ကျယ်လွင့်လွင့် ပြောနေကြတော့ ပိုဆိုးရော။ အခုတော့ တစ်ဖွဲ့လုံးဖိထောင်းခံနေရတယ် “ဟု အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။

စစ်ခေါင်းဆောင်က မန္တလေးမြို့သို့ရောက်ရှိစဉ်တွင် ရှေးဟောင်းအဆောက်အဦများနှင့် ရှေးဟောင်း ဘုရားများကို သွားရောက်စစ်ဆေးကာ တန်ခိုးကြီးဘုရားများကို ဖူးမျှော်ခဲ့သည့်အပြင် အထင်ကရ နေရာများသို့လည်း သွားရောက်ကာ ယတြာချေ အောင်မြေ နင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မန္တလေးမြို့သို့ မလာရောက်ခင် ဩဂုတ် ၂၃ ရက်နေ့ကလည်း တောင်ငူမြို့ရှိ ကောင်းမှုတော်ဘုရားတွင် အောင်မြေနင်း၍ ယတြာချေခဲ့ကြောင်း သိရသည်။

ထိုသို့ နိမိတ်ကောင်းယူ အောင်မြေပတ်နင်းနေစဉ်တွင် နန်းမြို့ရိုးပြိုကျပြီး ဘုရားစိန်ဖူးတော်မြေခခဲ့သည့် အတွက် စစ်ခေါင်းဆောင်မှာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပြီး ရခိုင်နှင့် နောင်ချိုတွင် စစ်စခန်းများ သိမ်းယူခံရပြီး မန္တလေး တိုင်းအတွင်းရှိ သပိတ်ကျင်းမြို့နယ်ကိုလည်း တော် လှန်ရေးတပ်များက သိမ်းယူခဲ့သည်။

စစ်ခေါင်းဆောင်က မန္တလေးမြို့ ပညာရေးဒီဂရီကောလိပ်တွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် လက်နက် ကိုင်အကြမ်းဖက်သည့် နည်းလမ်းဖြင့် နိုင်ငံရေးကိုဖြေရှင်းရန်လုပ်ဆောင်လာခြင်းမှာ နိုင်ငံ၌ ပညာတတ် နည်းပါးခြင်းကြောင့်ဖြစ်သည်ဟု ပြောဆိုသွားသည်ကို ဩဂုတ် ၂၇ ရက်နေ့ စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ပုံစာ-မိုးကြိုးထိမှန်ခဲ့သည့် မဟာသကျရံသီ ကျောက်တော်ကြီးဘုရား၊ မန္တလေးနန်းမြိုးရိုးပြိုကျပြီး နောက် မြင်ကွင်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *