ရေးတွင် စစ်ကောင်စီဂိတ်စခန်းတစ်ခုကို ရေးဘီလူး နှင့် KNU ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် ကျေးရွာ၊ အာယုတောင်လမ်းဝ ရှိ စစ်ကောင်စီစစ်ဆေးရေး ဂိတ်စခန်းတစ်ခုကို ယမန်နေ့ ဩဂုတ် ၂၈ ရက်၊ နံနက် ၈ နာရီဝန်းကျင်က ရေးဘီလူးအဖွဲ့ နှင့် KNU တပ်ခွဲ-၅ တို့မှ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ဝန်းကျင် ရှိ စစ်ဆေးရေးဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တစ်နာရီဝန်းကျင်ကြာ အပြန်အလှန်ပစ်ခတ်မှုပစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ငွေတောင်းခံများတာရယ်၊ စစ်ကောင်စီတပ် ဖြစ်နေတာရယ်ကြောင့်တိုက်တာပါ။ စစ်ကောင်စီဘက်က ထိခိုက်မှုရှိတယ်။ ကျဆုံးမှုနဲ့ ထိခိုက်မှု အရေအတွက်ကိုတော့ ကျွန်တော်တို့ အတိအကျထုတ်ပြန်ဖို့ သတင်းမရဘူး။ လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ ဆုတ်လမ်းကိုတော့အကောင်းဆုံးဆုတ်ခွာနိုင်ခဲ့တယ်” ဟု ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အာယုတောင်ရွာ နှင့် အနီးတဝိုက်တွင် စစ်ကောင်စီလက်အောက်ခံ ခမရ-၅၈၇ တပ်ရင်း၊ ခမရ-၃၄၃ တပ်ရင်း တို့အခြေစိုက် တည်ရှိကြောင်းလည်း သိရသည်။

ထို့ပြင် အာယုတောင်ရွာသည် ပြည်သူ့စစ်အားကောင်းသည့်ရွာတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့ကပင် ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း စစ်ကောင်စီက ဖော်ပြခဲ့ပြီး ၎င်းတို့သည် အာယုတောင် နှင့် အနီးရှိ ကျေးရွာများမှ စစ်ဆေးရေးဂိတ်များတွင် ငွေကြေးကောက်ခံ မှုများ ရှိနေကြောင်းသိရသည်။

ရေးမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ် ၂၃ ရက်နေ့ကလည်း အောင်သာယာရွာအနီးတွင် ကင်းပုန်း ဝပ်နေသည့် အမတ-၃၁၇ တပ်ရင်း မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ တစ် ဦးသေဆုံးပြီး ငါး ဦးထိခိုက်ဒဏ်ရာရရခဲ့ကြောင်း တောင်ညိုစစ်ကြောင်း ထံကသိရသည်။

ဓာတ်ပုံ – ရေးဘီလူး


Comments

Leave a Reply

Your email address will not be published. Required fields are marked *