ရွှေ​ရောင်းဝယ်မှုအ​ပေါ် စစ်​ကောင်စီအခွန်တိုး​ကောက်မည်ဟုဆို

ရွှေ​ရောင်းဝယ်မှုအ​ပေါ် စစ်​ကောင်စီအခွန်တိုး​ကောက်မည်ဟုဆို

ရွှေ ဝယ်ယူ၊ရောင်းချမှုများအပေါ် အခွန် ကို ယခင် ၁ ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းသို့တိုးမြှင့်ကောက်ခံရန် စစ်ကောင်စီက ကြေညာသည်။

သြဂုတ် ၂၈ ရက်ဖြင့် ထုတ်ပြန်သည့် ပြည်ထောင်စု အခွန်အကောက်ဥပဒေ ပြင်ဆင်သည့် ဥပဒေ ဖြင့် ပုဒ်မ ၁၄ ပုဒ်မခွဲ (က) နှင့် (စျ) ကို ပြင်ဆင်ကြောင်း ဖော်ပြထားသည်။

ပုဒ်မ ၁၄ ပုဒ်မ ခွဲ(က)အရ ကုန်သွယ်လုပ်ငန်းခွန် နောက်ဆက်တွဲ ဇယားများ အမှတ်စဥ် ၃၉ တွင်ပါရှိသော “ရွှေစင်၊ရွှေတုံးများ၊(စံချိန်မီ ရွှေချောင်း၊ရွှေတုံး၊ရွှေဒဂ်ါများ) နှင့် ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရန် စစ်ကောင်စီက ဆိုသည်။

မူလ ပုဒ်မ အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သော ကုန်စည်များအနက် ရွှေစင်၊ရွှေတုံးများ၊(စံချိန်မီ ရွှေချောင်း၊ရွှေတုံး၊ရွှေဒဂ်ါများ) နှင့် ကျောက်မျက်ရတနာ ပြည်တွင်းပြပွဲများတွင် ရောင်းချသော ကျောက်စိမ်း၊ ပတ္တမြား၊နီလာ၊ကျောက်မျက်ရတနာ အရိုင်းထည်၊အချောထည်များ ဟု ဖော်ပြထားသည်။

ထို့အတူ ပုဒ်မ ၁၄ ပုဒ်မ ခွဲ(စျ)ကို ရွှေစင်၊ရွှေတုံးများ၊(စံချိန်မီ ရွှေချောင်း၊ရွှေတုံး၊ရွှေဒဂ်ါများ)နှင့်ရွှေထည်လက်ဝတ်ရတနာ ရောင်းချခြင်းမှ ရောင်းရငွေကိုလည်းကောင်း၊ပြည်ပမှတင်သွင်းမှုအတွက်ကုန်ပေါ်အရောက် တန်ဖိုးပေါ်တွင်လည်းကောင်း ယခင် တစ်ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း ပြင်ဆင်သည့် ဥပဒေတွင် ဖော်ပြထား သည်။

“ကုန်သွယ်လုပ်ငန်းခွန် ဆိုတာ ရိုးရိုးပြောရရင် ကုန် စည်တစ်ခု ကို ရောင်းတဲ့သူရော ဝယ်တဲ့သူပါ ပေးရတဲ့အခွန်ပေါ့။အခုလို အခွန်တိုးကောက်တာ အရောင်းရော အဝယ်ရော တန့်အောင် လုပ်တဲ့သဘောပဲ။အဲဒါ မျိုးက တရားဝင်စျေးကွက်မှာတောင် လုပ်လို့ မရနိုင်ဘူး။ပြင်ပပေါက်စျေး ဖြစ်နေတဲ့ အခုလို အခြေအနေ ပိုတောင်ဆိုးသေးတယ်”ဟု ရွှေထည်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်း ရွှေစျေး နှင့် နိုင်ငံ ခြားငွေလဲလှယ်မှုသည် စံချိန်တင်စျေးနှုန်းများမြင့်တက်ခဲ့ပြီးနောက် စစ်ကောင်စီက ထိန်းချုပ်ရန် အကြိမ် ကြိမ် ကြိုးပမ်းခဲ့သော်လည်း​ဈေးနှုန်းများမှာထပ်ခါထပ်ခါတက်​နေသည်။ ​ရွှေ​ရောင်းချသူများကို စစ်​ကောင်စီက မကြာခဏဖမ်းဆီးခြိမ်း​ခြောက်၍ စျေးကွက် မတည်မငြိမ်ကဖြစ်နေသည်။

သြဂုတ် ၂၉ ရက်တွင် ပြင်ပစျေးကွက်၌ အခေါက်ရွှေတစ်ကျပ်သား ၆၉ သိန်း သုံးသောင်း ကျပ်ရှိပြီး စစ်ကောင်စီ လက်​အောက်ခံ ရွှေလုပ်ငန်းရှင်အသင်းက သတ်မှတ်သည့် ရွှေစျေးသည် အခေါက်ရွှေတစ်ကျပ်သား ၅,၀၀၆,၇၉၃ ကျပ်ဖြစ်သည်။

(စစ်​ကောင်စီလက်ထက်တွင် ​ရွှေ​ဈေးကွက်ကိုထိန်းချုပ်ရန် ကြိုးစားခဲ့​သော်လည်း ​ဈေးနှုန်းများထပ်ခါထပ်ခါတက်၍ ​ဈေးကွက်မတည်မငြိမ်ဖြစ်မှုသာကြုံ​​တွေ့​နေသည်။ဓါတ်ပုံ-CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *