ပြည်သူ့လုံခြုံရေးစနစ် အကောင်အထည်ဖော်ရန် စစ်ခေါင်းဆောင်နှင့်အတူ ကြံ့ခိုင်ရေးပါတီ ပူးပေါင်းကြံစည်ခဲ့

စစ်တပ်အတွက် အရပ်သားများကို အသုံးချမည့် ‘ပြည်သူ့လုံခြုံရေးစနစ်’ အကောင်အထည်ဖော်ရန် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ပူးပေါင်းကြံစည်ခဲ့သည်ဟု နေပြည်တော်ကြံ့ခိုင်ရေးရုံးမှ သတင်းအရင်းအမြစ်တို့ကဆိုသည်။

ကြံ့ခိုင်ရေးပါတီသည် ‘ပြည်သူ့လုံခြုံရေးစနစ်’ ဟုအမည်ပေးထားသည့် စစ်တပ်အတွက် အရပ်သားများကို အသုံးချမည့် အစီအစဉ်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ပူးပေါင်းကြံစည်ခဲ့သည်ဟု နေပြည်တော်ကြံ့ခိုင်ရေးရုံးမှ သတင်းအရင်းအမြစ်တို့ကဆိုသည်။

စစ်ကောင်စီ၏ ‘ပြည်သူ့လုံခြုံရေးစနစ်’ သည် အသက် ၃၅ နှစ်မှ ၆၀ အတွင်း အမျိုးသားများကို အတင်းအကျပ်လုံခြုံရေးကင်းစောင့်ခိုင်းမည့် စနစ်ဖြစ်ပြီး အလှည့်ကျ ကင်းသမားများကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက စတင်ရွေးချယ်နေပြီဖြစ်သည်။

အဆိုပါအစီအစဉ်ဖြစ်ပေါ်လာရန် နောက်ကွယ်မှ ပုံဖော်သူများမှာ ‘ကြံ့ခိုင်ရေးပါတီ’ ဟုအများကခေါ်ကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင် ဦးခင်ရီ၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ပါတီ၏ ဗဟိုအတိုင်ပင်ခံနှင့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်တို့ဖြစ်ကြသည်ဟု နေပြည်တော် ကြံ့ခိုင်ရေးပါတီရုံးမှ သတင်းအရင်းအမြစ်များကဆိုသည်။

စစ်ကောင်စီ စတင်ကျင့်သုံးလာသည့် ‘ပြည်သူ့လုံခြုံရေးစနစ်’ သည် ပြည်သူများကို ကင်းစောင့်ခိုင်းရုံသက်သက် မဟုတ်ဘဲ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို ထောက်လှမ်းရန် စစ်တပ်သတင်းပေး(အင်ဖော်မာ)အဖြစ် ခိုင်းစေခြင်းနှင့် လက်နက်တပ်ဆင်ပေးကာ စစ်သား၊ ရဲများနှင့်ပူးပေါင်းပြီး စစ်တိုက်ခိုင်းမည့် အကြံအစည်လည်း ဖြစ်လာနိုင်ဖွယ်ရှိသည်။

ပြီးခဲ့သည့်နှစ်အောက်တိုဘာလအတွင်းက စစ်ဗိုလ်ချုပ်ဟောင်း ဦးသန်းဌေးကို ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခဲ့ပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ထောက်ခံမှုဖြင့် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဖြစ်လာသည့် ဦးခင်ရီသည် စစ်တပ်ကျင့်သုံးမည့် ‘ပြည်သူ့လုံခြုံရေးစနစ်’ နှင့်ပတ်သက်ပြီး လွန်စွာတက်ကြွနေကြောင်းလည်း ကြံ့ခိုင်ရေးပါတီဌာနချုပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

အသက် ၇၁ နှစ်အရွယ် ဗိုလ်မှူးချုပ်ဟောင်းနှင့်ရဲချုပ်ဟောင်း ဦးခင်ရီသည် ဦးသိန်းစိန်အစိုးရ (၂၀၁၁-၂၀၁၆) တွင် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဖြစ်ခဲ့သည်။ ၂၀၁၁ အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ သြဂုတ်လအထိ စစ်ကောင်စီက ဦးခင်ရီကို လူဝန်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ပြန်ခန့်ခဲ့သည်။

ဦးခင်ရီက သူ၏ပါတီဝင်ထဲမှ စစ်တပ်အတွက် အလုပ်လုပ်ပေးနိုင်သည့် အသက် ၃၅ နှစ်မှ ၆၀ အတွင်း အမျိုးသားများစာရင်းကို ပြုစုရန်အတွက် ပါတီတွင်းအမိန့်ပေးခဲ့သည်ဟု နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီမှ မြို့နယ်အလုပ်အမှုဆောင်တစ်ဦးက ပြောသည်။

“ပြည်သူ့လုံခြုံရေးအတွက်ဆိုပြီး စာရင်းစတောင်းတယ်၊ ဥက္ကဋ္ဌကြီး(ဦးခင်ရီ) ညွှန်ကြားချက်နဲ့။ တရားဝင်စာတော့ မထွက်ဘူး” ဟု ၎င်းကဆိုသည်။

ယခုလအစောပိုင်းက ထိုညွှန်ကြားချက်ထွက်လာပြီးနောက် ပါတီဌာနချုပ်အတွင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပြီး အောက်ခြေပါတီဝင်များသည် ၎င်းတို့အမည်စာရင်းများ စစ်တပ်လက်ထဲရောက်မည်ကို စိုးရိမ်နေကြသည်ဟု နေပြည်တော် ကြံ့ခိုင်ရေးပါတီရုံးနှင့် နီးစပ်သည့် နောက်ထပ် သတင်းရင်းမြစ် တစ်ဦးထံမှ သိရှိရသည်။

စစ်ခေါင်းဆောင်နှင့်ဦးခင်ရီအကြား ဆက်ဆံရေးကိုသိရှိသည့် စစ်တပ်အရာရှိဟောင်းကတော့ ဦးခင်ရီသည် ယခုနှစ်ဆန်းပိုင်းကတည်းက စစ်တပ်အတွက် အရပ်သားများကို အသုံးချမည့်စနစ်ကို ကျင့်သုံးရန် စစ်ခေါင်းဆောင်ထံ အကြံပေးခဲ့သည်ဟုဆိုသည်။

ယခုနှစ်ဆန်း ဇန်နဝါရီ ၆ရက်နေ့က ဦးခင်ရီ ဦးဆောင်သည့် စစ်တပ်လက်ဝေခံ နိုင်ငံရေးပါတီအချို့သည် စစ်ခေါင်းဆောင်နှင့် နေပြည်တော်တွင်တွေ့ဆုံခဲ့ကြပြီး ထိုပွဲတွင် ကြံ့ခိုင်ရေးပါတီဝင်များက အရပ်သားများကို ဦးဆောင်ပြီး စစ်တပ်အတွက် ကင်းစောင့်ပေးမည်ဟု ဦးခင်ရီက ကမ်းလှမ်းခဲ့သည်ဟု အဆိုပါ စစ်တပ်အရာရှိဟောင်းကဆိုသည်။

တွေ့ဆုံပွဲအပြီးတွင် ဦးခင်ရီက စစ်တပ်အတွက် ၎င်းပံ့ပိုးနိုင်သည့် လူအရေအတွက်ကိုလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ပေးအပ်ခဲ့သည်ဟု ပါတီထိပ်သီး ခေါင်းဆောင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးထံမှ သိရှိရသည်။

ဦးခင်ရီ (တိုက်ပုံအဖြူနှင်ဘယ်အစွန်မှ) ကို စစ်ခေါင်းဆောင်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ – ကြံ့ခိုင်ရေး)

ယင်းတွေ့ဆုံပွဲအပြီး နှစ်လခန့်အကြာ မတ်လအတွင်းက နေပြည်တော်တွင်ကျင်းပသည့် တော်လှန်ရေးနေ့ (တပ်မတော်နေ့) စစ်ရေးပြပွဲတွင်လည်း အငြိမ်းစားစစ်ဗိုလ်ချုပ်များက ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ၏လေသံကိုလိုက်ကာ အရပ်သားများအား စစ်တပ်အတွက်ကင်းစောင့်ခိုင်းရန် စစ်ခေါင်းဆောင်ကို ထပ်မံတိုက်တွန်းခဲ့သည်ဟု အဆိုပါ စစ်တပ်အရာရှိဟောင်းကဆိုသည်။

ကိုးကန့်တပ် MNDAA နှင့်မဟာမိတ်များက ယခုနှစ်သြဂုတ်လအစောပိုင်းတွင် လားရှိုးမြို့နှင့် ထိုမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ပြီးနောက် ဦးခင်ရီအကြံပေးသည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန် စစ်ခေါင်းဆောင်က အလျှင်အမြန်စီစဉ်ခဲ့သည်။

ရမခနှင့်လားရှိုးကျသွားပြီး တစ်ပတ်ခန့်အကြာတွင် ဦးခင်ရီ၊ ကြံ့ခိုင်ရေးပါတီ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသောင်းအေး အပါအဝင် ပါတီထိပ်သီးခေါင်းဆောင်အချို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သီးသန့်ခေါ်ယူ တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံပွဲအပြီးတွင် ရက်အနည်းငယ်အကြာ ဩဂုတ် ၁၆တွင် ‘ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့’ ကို ဖွဲ့စည်းကြောင်း စစ်ကောင်စီအတွင်းရေးမှူး ‌ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး လက်မှတ်ရေးထိုး၍ ထုတ်ပြန်ခဲ့သည်။ ‘ပြည်သူ့လုံခြုံရေးစနစ်’ကို အဆိုပါအဖွဲ့က ကြီးကြပ်မည်ဖြစ်သည်။

“(ဒီအကြံက) စစ်မှုထမ်းဟောင်းအရာရှိကြီးတချို့နဲ့ USDP(ကြံ့ခိုင်ရေးပါတီ)က ပေးတဲ့အကြံ” ဟု စစ်ခေါင်းဆောင်နှင့်ဦးခင်ရီအကြား ဆက်ဆံရေးကိုသိရှိသည့် စစ်တပ်အရာရှိဟောင်းက မှတ်ချက်ပေးသည်။“အကြံပေးသူတစ်ချို့က အကြံပေးတာကြောင့် ကောက်ရိုးတစ်မျှင်လို အားကိုးရာ ဆွဲမိဆွဲရာဆွဲ လိုက်လုပ်တာ” ဟုလည်း ၎င်းကဆိုသည်။

ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး စစ်ဗိုလ်ချုပ်ဟောင်း ဦးသောင်းအေးသည်လည်း ဦးခင်ရီနှင့်အတူ ပြည်သူ့လုံခြုံရေးစနစ်ကို အသက်သွင်းရာတွင် အဓိကနေရာမှ ပါဝင်သည်ဟု နေပြည်တော် သတင်းအရင်းအမြစ်တို့ကဆိုသည် (ဓာတ်ပုံ – ကြံ့ခိုင်ရေး)

၂၀၂၁ အာဏာသိမ်းပြီး သုံးနှစ်ခန့်အတွင်း ကရင်ပြည်နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သောင်းဂဏန်းထိ ထိခိုက်၊ သေဆုံးမှု ရှိခဲ့ပြီး၊ စစ်မျက်နှာအသီးသီးတွင်လည်း အထိနာလျက်ရှိရာ အရပ်သားများကို ဆက်တိုက်ဆိုသလို ပစ်မှတ်ထားလာခြင်း ဖြစ်သည်ဟု ဝါရင့်ကရင့်လက်နက်ကိုင်အဖွဲ့ KNU ဘက်က ပြောသည်။

“ပကတိအနေအထားအရ စစ်တပ်ဟာ အရင်ကထက်ပိုပြီးတော့ ယိုယွင်း၊ ပြိုကွဲလာနေပြီဆိုတာ လက်တွေ့အနေအထားမှာ မြင်နေရတဲ့ ကိစ္စပဲ” ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောခွင့်ရ ပဒိုစောတောနီးက ဆိုသည်။

အရပ်သားများကို ကင်းစောင့်ခိုင်ရန် စစ်တပ်ကကြိုးစားနေပြီဖြစ်ပြီး မန္တလေးမြို့တွင် တစ်ရပ်ကွက်လျှင် အယောက် ၃၀နှုန်းဖြင့် ယမန်နေ့က လူစုနေပြီဟု ဒေသခံများက ပြောသည်။

ရပ်ကွက်၊ ကျေးရွာ၊ လမ်းများအလိုက် လုံခြုံရေးစနစ်များ တည်ဆောက်ရန်၊ စစ်သား၊ ရဲများနှင့်ပူးပေါင်း၍ လုံခြုံရေးသတင်းများ ဆက်ဆက်မပြတ် ရယူရန် အရေးကြီးသည်ဟု မန္တလေးမြို့ရောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားကြောင်း ဩဂုတ် ၂၅၊ ၂၆ ရက် စစ်ကောင်စီထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

အသက် ၃၅နှစ်အထက် အမျိုးသားများ အကျုံးဝင်ပြီး၊ ထိုသူများကို “ကာကွယ်ရေးပစ္စည်းတွေ တပ်ဆင်ပေးမယ်” ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ(မြန်မာပိုင်း) သတင်းဌာနကို ဩဂုတ် ၂၅တွင် ပြောဆိုခဲ့သည်။

ပြည်လူထုကို အသုံးချမည့် စစ်ကောင်စီ၏ အစီအမံသည် ပြည်သူအချင်းချင်း သွေးခွဲခြင်း၊ ပြည်သူများကို ဒုက္ခပေးခြင်းသာဖြစ်ပြီး စစ်တပ်က ပြည်သူကို မကာကွယ်နိုင်ကြောင်း ထင်ရှားလွန်းသည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေသည့် တပ်အရာရှိတစ်ဦးက သုံးသပ်သည်။

“၁၈နှစ်ကနေ ၃၅အထိက ပြည်သူ့စစ်၊ ၃၅ကနေ ၆၅ က ပြည်သူ့လုံခြုံရေးဆိုတော့ ပြည်သူတွေကို သူတို့ မကာကွယ်နိုင်ဘူးပေါ့။ စစ်တပ်ကိုပါ ပြည်သူတွေဝိုင်းကာကွယ်ရမယ်ဆိုတဲ့ သဘောမျိုး” ဟု စစ်တပ်ထဲတွင် နှစ်ပေါင်း ၂၀ခန့် တာဝန်ထမ်းခဲ့သူ ဗိုလ်ကြီးဇင်ယော်က ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *