သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်ကို AA က တိုက်ခိုက်သိမ်းပိုက်ပြီး ရေတပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံး

သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်ကို AA က တိုက်ခိုက်သိမ်းပိုက်ပြီး ရေတပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံး

စစ်သင်္ဘောများက စစ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို တင်ဆောင်ပြီး စစ်တွေဘက်သို့ ထွက်ပြေး

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ မောင်ရွှေလေးရေတပ်ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စစ်သင်္ဘောများက စစ်သားအလောင်းများနှင့် ဒဏ်ရာရသူများကို တင်ဆောင်ပြီး စစ်တွေဘက်သို့ ထွက်ပြေးသွားကြောင်း စစ်ကောင်စီ၏ ရေတပ်သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

ဩဂုတ် ၂၈ ရက်နေ့ ညနေပိုင်းတွင် AA က မောင်ရွှေလေးရေတပ်ကို တိုက်ခိုက်သိမ်းပိုက်ရရှိသွားခြင်းဖြစ်ကြောင်း၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် သံတွဲမြို့နယ်၊ မောင်ရွှေလေး ရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ရေတပ်စခန်းကို စစ်သင်္ဘောများစုဖွဲ့ပြီး ထွက်ခွာလာပြီး စစ်သားအလောင်းများနှင့်ဒဏ်ရာရသူများကို တင်ဆောင်လာကြောင်း၊ လတ်တလောသတင်းပေးပို့ချက်များအရ ကနဦး မောင်ရွှေလေးရေတပ်မှ တပ်သား ၂၀ ဦးထက်မနည်းသေဆုံးသည်ဟု သတင်းများရရှိထားပြီး ပျောက်ဆုံးနေသူ အများအပြားလည်းရှိနေကြောင်း၊ သေဆုံးထိခိုက်စာရင်း အတိအကျ မရရှိသေးကြောင်း တပ်သတင်းရင်းမြစ်က ဆိုသည်။

” မောင်ရွှေလေး ဆို့အောက်သွားပြီ။ အလောင်းနဲ့ ဒဏ်ရာရသူတွေကို ရေယာဉ်နဲ့ စစ်တွေကိုသယ်သွားပြီ။ စစ်သင်္ဘောတွေတော့ ကျန်သေးတယ်၊ရမ်းပစ်နေသေးတယ်၊ စစ်သင်္ဘောတွေကကမ်းခြေက ၁၀မိုင်အကွာကနေ မောင်ရွှေလေးရေတပ်စခန်းကို လှမ်းပစ်နေတာ”ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

သေဆုံးသူများအနေဖြင့် ဩဂုတ်လ ၂၈ ရက်နေ့ တိုက်ပွဲတစ်ခုတည်းတွင်ပင် မောင်ရွှေလေးရေတပ်ဘက်မှ သေဆုံးသူ ၂၀ ဦးထက်မနည်းရှိနေခြင်းဖြစ်ပြီး တိုက်ပွဲကာလတစ်လျှောက်လုံးတွင် ရေတပ်ဘက်မှ သေဆုံးသည့်အရေအတွက် ပိုမိုများပြားကြောင်း သိရှိရသည်။

သံတွဲမြို့နယ်၊ မောင်ရွှေလေး ရေတပ်တွင် တာဝန်ကျနေသည့် ရေတပ်တပ်ဖွဲ့ဝင်များမှာ ဗိုလ်တထောင်သံလျက်စွန်းရေတပ်မှ ဖြစ်ပြီး သေဆုံးသူများမှာလည်း ရန်ကုန်မှ ရခိုင်သို့ ပို့ဆောင်ခံရသည့် ရေတပ် တပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ ဩဂုတ်လ ၂၆ ရက်နေ့ တိုက်ပွဲတွင် DSA အပတ်စဉ် ၄၆ ကျောင်းဆင်း ဗိုလ်မှူး ဖြိုးမောင်မောင် အပါအဝင် ရေတပ်သားအများအပြား သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုနှစ် ဖေဖော်ဝါရီလအတွင်း AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်သင်္ဘော ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *