Tiktok လူမှုကွန်ရက် ပိုမို အသုံးပြုရန် စစ်ကောင်စီဝါဒဖြန့်သူများ လုပ်ဆောင်လာ

ကမ္ဘာတစ်ဝန်း သုံးစွဲသူ နှစ် ဘီလီယံကျော်ရှိသည့် Tiktok လူမှုကွန်ရက်ကို ယခင်ကထက် ပိုမို အသုံးပြုရန် စစ်ကောင်စီဝါဒဖြန့်သူများ လုပ်ဆောင်လာကြသည်။

မြန်မာနိုင်ငံ၌ စစ်ကောင်စီဝါဒဖြန့်သူများသည် တယ်လီဂရမ်ချန်နယ်များတွင် စစ်တပ်ဝါဒဖြန့်ခြင်း၊ သတင်း အတု၊ သတင်းအမှားများဖြန့်ခြင်း၊ လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်၍ အမုန်းစကားများ ရေးသားဖြန့်ချိလေ့ ရှိသည်။

၂၀၂၄ခုနှစ်၊ ဩဂုတ် ၂၅ရက်က တယ်လီဂရမ် စီအီးအို ပါဗဲလ်ဒူရို့ဗ်သည် ပြင်သစ်နိုင်ငံ ပါရီမြို့ပြင် ဘူရှေးလေဆိပ်၌ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များ၌ ၎င်းတို့၏ Tiktokအကောင့်များကို Follow လုပ်ရန်နှင့် ဝါဒဖြန့် ပို့စ်များအောက်တွင် တစ်တော့လင့်ခ်များ ထည့်သွင်း ဖော်ပြလာကြသည်။

Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဩဂုတ် ၂၇ရက်တွင် ၎င်း၏ Tiktokအကောင့်ကို Follow ပြုလုပ်ပေးရန် ရေးသားထားသည်။ အခြားသော ချန်နယ်များကလည်း Kyaw Swar Tiktokကို Follow ပြုလုပ် ကြရန် ရေးသားဖြန့်ဝေထားသည်။

စစ်ကောင်စီဝါဒဖြန့် ချန်နယ်များသည် ယခင်က ဝါဒဖြန့် အကြောင်းအရာများ ဖြန့်ဝေရာ တွင် Tiktok အကောင့်များ ထည့်သွင်းဖော်ပြခြင်းမရှိဘဲ တယ်လီဂရမ် စီအီးအို ဖမ်းဆီးခံရပြီးနောက် Tiktok အကောင့်လင့်ခ်များ ဖော်ပြထားကြသည်။

“ဒီနှစ်ထဲ စစ်တပ်လော်ဘီတွေ Tiktokမှာ အကောင့်တွေ ဖွင့်ပြီး သူတို့ အကောင့်ကို follow လုပ်ကြဖို့ တယ်လီဂရမ်မှာ တင်လာတာတွေ အများကြီးတွေ့ရတယ်။ တယ်လီဂရမ် စီအီးအို ဖမ်းခံရတဲ့ သတင်းကြားတော့ စစ်တပ်ဝါဒဖြန့်ချန်နယ်က ဝါဒဖြန့် ပို့စ်တွေ၊ ဗီဒီယိုတွေရဲ့ အောက်မှာ Tiktokလင့်ခ်တွေပါ ထည့်လာကြ တယ်။ တယ်လီဂရမ်ကနေ Tiktok ဘက်ကို ပိုပြီးတော့ ခြေဦးလှည့်လာကြပြီလို့ ယူဆလို့ ရတယ်” ဟု စစ်ကောင်စီ ဝါဒဖြန့်သူများ၏ လူမှုကွန်ရက်ပလက်ဖောင်းများကို လေ့လာစောင့်ကြည့်နေသူတစ်ဦးကပြောသည်။

စစ်တပ်အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဝါဒဖြန့်သူများ၏ အကောင့်များကို ဖေ့ဘွတ်ခ်က သုံးစွဲခွင့် ပိတ်သိမ်းခဲ့သဖြင့် စစ်တပ်ဝါဒဖြန့်ရန်အတွက် တယ်လီဂရမ်ကို ပြောင်းလဲ သုံးစွဲလာခြင်းဖြစ်သည်။

လက်ရှိ စစ်ကောင်စီက တွင်တွင်ကျယ်ကျယ်အသုံးပြုနေသည့် တယ်လီဂရမ်သည် ၎င်းတို့ရေးသားထားသည့် အကြောင်းအရာများကို သတိပေးတားမြစ်ခြင်း၊ ဆင်ဆာဖြတ်တောက်ခြင်းများ မပြုလုပ်ရသဖြင့် ဝါဒဖြန့်သူများ သုံးစွဲမှုများပြား လျက်ရှိသည်။

“စစ်တပ်ဝါဒဖြန့် သတင်းတွေကြည့်ချင်ရင် တယ်လီဂရမ်မှာ ရှာရတာပဲ၊ ကျတော်တို့ အလုပ်က စောင့်ကြည့် လေ့လာရတာဆိုတော့ မဖြစ်မနေ အမြဲကြည့်ဖြစ်တယ်။ အခုရက်ပိုင်းမှာကို Tiktok အသုံးပြုဖို့ သိသိသာသာ လှုံ့ဆော်လာတဲ့ သဘောတွေကို မြင်လာရတယ် ” ဟု ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့၌ ရောက်ရှိနေသည့် သတင်းထောက်တစ်ဦးက မှတ်ချက်ပြုသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ တယ်လီဂရမ်သုံးစွဲသူ ခြောက်သန်းကျော်ရှိပြီး ချန်နယ်ပေါင်း ၂၃၃၀၀ ကျော်ရှိသည်။ တယ်လီဂရမ်အကောင့်ပေါင်း ၃၇၀သန်းကျော်ရှိသည်။

ပြင်သစ်-ရုရှား ဘီလီယံနာ ပါဗဲလ်ဒူရို့ဗ်သည် ၂၀၁၃ ခုနှစ်တွင် တယ်လီဂရမ်ကို တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ တွင် ကမ္ဘာတစ်ဝန်း သုံးစွဲသူ သန်း ၁၀၀၀ ခန့်ရှိနေသည်။

ပြင်သစ်အာဏာပိုင်တွေက တယ်လီဂရမ်စီအီးအိုကို ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှု ဓာတ်ပုံ၊ ဗီဒီယိုများ၊ တရားမဝင်ရောင်းတယ်မှုများ၊ မူးယစ်မှောင်ခိုမှု များ၊ လိမ်လည်မှုများ ပြုလုပ်နေမှုများကို ခွင့်ပြုထားခြင်း စသည့်တို့အပြင် အာဏာပိုင်များကို သတင်းအချက် အလက်ပေးရန် ငြင်းဆန်မှုများ၊ ငွေကြေးခဝါချမှုများ၊ ရာဇဝတ်ပြစ်မှုကျူးလွန်မှုများအတွက် ဒစ်ဂျစ်တယ်ငွေကြေး ခရစ်ပတိုရက်ဖက်စ်ဝန်ဆောင်မှုပေးခြင်း စသည့် တို့ဖြင့် စွဲချက်တင်ထားခြင်းဖြစ်သည်။

တယ်လီဂရမ်စီအီးအို ပါဗယ်ဒူရော့စ်ကို သူ၏အက်ပလီကေးရှင်းရှိ စုဖွဲ့ရာဇဝတ်မှုများနှင့် ပတ်သက်၍ စစ်ဆေးရန် ဩဂုတ် ၂၈ ရက်တွင် ပြင်သစ် တရားသူကြီးတယောက်က ဆုံးဖြတ်၍ ယူရို ၅ သန်းဖြင့် အာမခံပေးထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *