တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ TNLA ကို တရုတ်သတိပေး

တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အနေနဲ့ တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ဖို့ တရုတ်ဘက်က သတိပေးစာ ပေးပို့ခဲ့တယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက အတည်ပြုပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုကော်မတီအစည်းအဝေး လုပ်နေတာကြောင့် အသေးစိတ်ကိုတော့ ပြောလို့မရသေးဘူးလို့ လွေးယေဦးက ဆိုပါတယ်။

အဲဒီသတိပေးစာကို သြဂုတ် ၂၉ ရက်နေ့ ရက်စွဲနဲ့ ရွှေလီမြို့ လုံခြုံရေးကော်မတီက ပေးပို့ခဲ့တာဖြစ်ပြီး မြန်မာ – တရုတ်နယ်စပ် တည်ငြိမ်အေးချမ်းရေးနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ တိုက်ပွဲတွေကို ချက်ချင်း ရပ်တန့်ရမယ်လို့ ရေးထားပါတယ်။

ဒီသတိပေးချက်ကို မလိုက်နာရင် တရုတ်ဘက်က နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးမှုတွေ ပိုလုပ်ဆောင်သွားမှာဖြစ်ပြီး ဖြစ်လာမဲ့ အကျိုးဆက်တွေကို TNLA ဘက်က တာဝန်ခံရမယ်လို့လည်း ဖော်ပြထားပါတယ်။

တရုတ်စစ်တပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းအနီး နယ်စပ်မှာ ကြည်းတပ်နဲ့ လေတပ်ပူးပေါင်းပြီး သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၂၇ ရက်နေ့မှာ စတင်ပြုလုပ်ခဲ့ပါတယ်။

တအာင်းတပ်မတော်အနေနဲ့ ချက်ချင်း အပစ်ရပ်ရမှာဖြစ်ပြီး မရပ်ပါက ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တာဝန်ယူရမယ်လို့ တရုတ်က စာပို့ခြိမ်းခြောက်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)အနေနဲ့ တိုက်ပွဲတွေကို ချက်ချင်းအပစ်ရပ်ရမှာဖြစ်ပြီး အပစ်မရပ်ရင် တရုတ်ဘက်က သွန်သင်ဆုံးမမယ့် နည်းလမ်းတွေကို ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး ဖြစ်ပေါ်တဲ့ အကျိုးဆက်တွေကို တာဝန်ယူရမယ်လို့ ခြိမ်းခြောက်ထားတဲ့ အကြောင်းကြားပေးပို့စာတစ်စောင် ရွှေဖီမြေက ရရှိထားပါတယ်။

အဲစာကို တရုတ်ရဲ့ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက ပေးပို့ခဲ့တာဖြစ်ပြီး မနေ့ ဩဂုတ် ၂၉ ရက်စွဲနဲ့ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အဲစာထဲမှာ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှု ပြီးဆုံးတော့မှာဖြစ်ပြီး တအာင်းတပ်ဘက်က တိုက်ပွဲတွေကို ချက်ချင်းအပစ်ရပ်ကာ မြန်မာမြောက်ပိုင်းနဲ့ တရုတ်-မြန်မာနယ်စပ်ဒေသတွေမှာ အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မျှော်လင့်ကြောင်း ပါရှိထားပါတယ်။

တရုတ်နယ်စပ်ဒေသ အရပ်သူအရပ်သားများနဲ့ မြန်မာနိုင်ငံရှိ တရုတ်ပြည်သား၊လုပ်ငန်းများနဲ့ သက်ဆိုင်တဲ့လုံခြုံမှုတွေကို အာမခံပေးရန်၊ တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့တရုတ်နိုင်ငံသားအသက်၊ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိတဲ့ စစ်ရေးအပြုအမူကို ပပျောက်အောင် ဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။

အဲလိုမဟုတ်ပါက တရုတ်ဘက်က ကြောက်ရွံ့ကျိုးနွံနဲ့ဆုံးမသွန်သင်တဲ့ နည်းလမ်းတွေကို ပိုမိုလုပ်ဆောင်မှာဖြစ်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တအာင်းတပ်အနေနဲ့ တာဝန်ယူရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အခြေအနေတွေကို ရှင်းရှင်းလင်းလင်းနားလည်ပြီး တရုတ်နိုင်ငံနဲ့အတူ ငြိမ်းချမ်းရေးမြှင့်တင်ရန်ကြိုးပမ်းဆောင်ရွက်ကာ ကွဲလွဲမှုတွေကို ညှိနှိုင်းဖြေရှင်းရန်အတွက် မှန်ကန်တဲ့လမ်းကြောင်းကို အမြန်ဆုံးပြန်လာမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေပေါ်မှာ မူတည်ပြီး တရုတ်ဘက်က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဏကနေပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီပြီး တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွါး​များကို ရရှိစေရန်၊ ကျန်းမာစွာနေထိုင်ဖွံ့ဖြိုးရေးအကောင်အထည်ဆောင်ရန် ကူညီပေးမယ်လို့ ဆိုပါတယ်။

ဘယ်နေရာ ဘယ်ဒေသရောက်ရောက် တရုတ်ဘက်က အမြဲစောင့်ကြည့်နေမယ်လို့လည်း ဆိုထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *