လိုင်ဇာအနီးတဝိုက် Bus ကားများ ပြေးဆွဲမည်ဟု KIO ပြော

ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO)/ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ဌာနချုပ်ဖြစ်သည့် လိုင်ဇာမြို့နှင့် အနီးရှိ ဂန်ဒေါင်ယန်၊ မြို့သစ်၊ ဒေါ့ဖုန်းယန်၊ ဂါးရာယန်များသို့ စက်တင်ဘာလ ၂ ရက်မှစ၍ Bus ကားပြေးဆွဲမှု စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း KIA ထံမှ သိရသည်။

KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် အနီးဝန်းကျင် လွတ်မြောက်နယ်မြေဒေသတဝိုက်မှ ပြည်သူများ ခရီးသွားလာမှု အဆင်ပြေ စေရန် ရည်ရွယ်၍ Bus ကားပြေးဆွဲမှု လုပ်ဆောင်ပေးခြင်းဟု သိရသည်။

“အဲဒါ ပြည်သူလူထုအတွက် ကျနော်တို့ ဝန်ဆောင်မှုပေးတာပါ၊ ကျနော်တို့ရဲ့ လိုင်ဇာပတ်ဝန်းကျင်မှာ ပြေးဆွဲတာပါ၊ ကျနော်တို့ ပြည်သူလူထုကို ဝန်ဆောင်မှုပေးတဲ့ပုံစံနဲ့ လုပ်တာပါ၊ ပတ်ဝန်းကျင်မှာ ပြေးဆွဲတာ၊ အဝေးကြီး ပြေးဆွဲတာမျိုး မဟုတ်ပါဘူး”ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါ Busကား ယာဉ်လိုင်းများသည် လိုင်ဇာမြို့ကို အခြေပြု၍ ပြေးဆွဲမည်ဖြစ်ပြီး လိုင်ဇာမြို့ရှိ ဂေါက်လေ့ကျင့်ရေးကွင်း အနီးတွင် ကားကွင်း ဖွင့်လှစ်ပေးထားမည်ဖြစ်ကာ ခရီးသွားမည့်နေရာနှင့် ဆက်စပ်၍ အချိန်သတ်မှတ်ချက်များလည်း ရှိ ကြောင်း သိရသည်။

ယာဉ်စီးခနှုန်းထားများအနေဖြင့် လူတဦးလျှင် လိုင်ဇာ-ဒေါ့ဖုန်းယန် ၂၅၀၀ ကျပ်၊ လိုင်ဇာ-မြို့သစ် ၅၀၀၀ ကျပ်၊ လိုင်ဇာ-ဂန်ဒေါင်ယန် ၂၅၀၀ကျပ်၊ လိုင်ဇာ-ဂါးရာယန် ၅၀၀၀ကျပ် သတ်မှတ်ထားကာ ခရီးသွားဝန်ဆောင်ခကို ပြည်သူများအပြင် KIO ဝန်ထမ်းများလည်း ပေးဆောင်ရမည်ဟု သိရသည်။

ယခုအခါ KIO ထိန်းချုပ်ထားသောဒေသများရှိ မြို့ရွာများတွင် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လျှပ်စစ်မီးရရှိရေးစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို ပြည်သူများ ပါဝင်ကာ ဆောင်ရွက်မှုများလည်း ရှိကြောင်း သိရသည်။

ပုံစာ- KIO အခြေစိုက် လိုင်ဇာမြို့ မြင်ကွင်း (ပုံဟောင်း)/ IRW

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top