TNLA ကို တိုက်ပွဲရပ်ခိုင်းတဲ့ကိစ္စ တရုတ်သံရုံးဘာပြောလဲ

တအာင်းလွတ်မြောက်ရေးတပ် (TNLA)ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ တရုတ်ဘက်က သတိပေးခဲ့တယ်ဆိုတဲ့ကိစ္စအပေါ် AFP သတင်းဌာန ရဲ့ မေးမြန်းချက်ကို တရုတ်သံရုံးက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဒီကနေ့ထုတ်ပြန်လာပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှု အခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နဲ့ အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲလုပ်ဆောင် နေပါတယ်” လို့ တရုတ်သံရုံးက ပြောခဲ့ပါတယ်။

ဩဂုတ် ၂၉ ရက်စွဲနဲ့ ရွှေလီမြို့ လုံခြုံရေးကော်မတီက တအာင်းလွတ်မြောက်ရေးတပ် TNLA ကို တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့ ပြင်းထန်တဲ့ သတိပေးစာ တစ်စောင်ပို့ခဲ့ပြီး ဒီစာက အစစ်ဟုတ်မဟုတ် ဆွေးနွေးငြင်းခုန်မှုတွေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

AFP သတင်းဌာန ရဲ့ မေးမြန်းချက်အပေါ် TNLA ကို သတိပေးခဲ့ခြင်းရှိမရှိ တိုက်ရိုက်မဖြေခဲ့ပါဘူး။

“တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမှာဖြစ်ပါတယ်”လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

ရွှေလီမြို့ လုံခြုံရေးကော်မတီက TNLA ကို ပေးပို့တဲ့ စာထဲမှာ နယ်စပ်ဒေသက တရုတ်နိုင်ငံသားတွေ သာမကဘဲ မြန်မာပြည်တွင်းက တရုတ်နိုင်ငံသားတွေ နဲ့ တရုတ်လုပ်ငန်းတွေရဲ့လုံခြုံမှုကိုပါ အာမခံပေးဖို့ တရုတ်ဘက်ကတောင်းဆိုထားပါတယ်။

မြန်မာ- တရုတ် နယ်စပ်မှာ တရုတ်စစ်တပ်က သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုကာလအတွင်းပေးပို့တဲ့ ဒီသတိပေးချက်က ပြင်းထန်တယ် လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

တရုတ်နယ်စပ် တည်ငြိမ်အေးချမ်းရေးနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်၊ ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေမယ့် အန္တရာယ်ရှိတဲ့ စစ်ရေးအပြုအမူတွေကို ပပျောက်အောင် ဆောင်ရွက်ရမယ်လို့ တရုတ်က TNLA ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *