ကျောက်ပန်းတောင်း-မိတ္တီလာလမ်းတွင် ဖရဲသီးသတင်းပေးချက်အရ ရဲ ၃ ဦးလိုက်ပါသော ကားကို ပစ်ခတ်တိုက်ခိုက်

ကျောက်ပန်းတောင်း-မိတ္တီလာလမ်းတွင် ဖရဲသီးသတင်းပေးချက်အရ ရဲ ၃ ဦးလိုက်ပါသော ကားကို ပစ်ခတ်တိုက်ခိုက်မှု ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်းနှင့် တပ်ကြပ်မြတ်သူတို့ သေဆုံး၊ လက်နက် ၅ လက်၊ လက်ပစ်ဗုံးနှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-မိတ္တီလာလမ်းတွင် ဖရဲသီးသတင်းပေးချက်အရ ရဲ ၃ ဦးလိုက်ပါသော ကားကို ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်းနှင့် တပ်ကြပ် မြတ်သူတို့ သေဆုံးပြီး လက်နက် ၅ လက်၊ လက်ပစ်ဗုံးနှင့် ခဲယမ်းများအပါအဝင် ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ဩဂုတ်လ ၃၁ ရက်နေ့ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ဖရဲသီးသတင်း ပေးချက်အရအရ ကျောက်ပန်းတောင်း-မိတ္ထီလာ လမ်းပေါ်တွင်ရှောင်တခင်စစ်ဆေးရာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ကားကို တားဆီးစစ်ဆေးခဲ့ကြောင်း၊ သို့ရာတွင် အသာတကြည်အစစ်ဆေးမခံဘဲ ထွက်ပြေးခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ပစ်ခတ်ဖမ်းဆီးရှင်းလင်းခဲ့ကြောင်း၊ ထိုပစ်ခတ်ဖမ်းစီးစဥ် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်း၊ တပ်ကြပ်မြတ်သူတို့ သေဆုံးပြီး စီးနင်းလာသော Mark X အိမ်စီးကားမှာ လမ်းဘေးတိမ်းမှောက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ကျောက်ပန်းတောင်း မြို့မစခန်းမှူးရယ်၊ သာယာအေး နယ်ထိန်း ဒုရဲအုပ်ရယ်၊ သူကပြောင်းလာတာ မကြားသေးဘူး။ ဘယ်သွားဖို့လည်းတော့ သေချာမသိဘူး ။ ကျနော်တို့ကလမ်းပေါ်မှာ စစ်ဆေးနေ တုန်း သူတို့ထဲက ဂန်းကိုင်ပြီး ကျည် ထိုးတာ အရင်မြင်လိုက်လို့ တန်းပစ်လိုက်တာ၊ ကံကောင်းသွား တာ၊ သူတို့ဘက်က ပြန်ပစ်ချိန်မရလိုက်ဘူး။ ကျောက်ပန်းတောင်း -တောင်ဦးလမ်းပိုင်းမှာပါ။” ဟု အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းမှ တာဝန်ရှိသူ ရှင်းလင်းပြောဆိုသည်။

ထိုတိုက်ပွဲအတွင်းတွင် သေနတ် BA 72 ၁ လက်၊ BA 94 ၁ လက်၊ BA 93 ၁ လက်၊ ခြောက်လုံးပြူး ၂ လက်၊ လက်ပစ်ဗုံး ၁ လုံး နှင့် ငွေသားတချို့ အပါ အဝင် သက်ဆိုင်ရာ ဝန်ထမ်းကတ်တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်း၊ ညောင်ဦးခရိုင် အမှတ် ၁ တပ်ရင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပကဖ၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ တောင်သာမြို့နယ်ပကဖ နှင့် LACR (မြင်းခြံ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *